လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်းငါးယောက်ကို IEC က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေး



မေ ၁၀ – ၂၀၂၄
SN (VOM)

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် ဝန်ထမ်းငါးယောက်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ မနေ့ မေ ၉ ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

“လွတ်ငြိမ်းခွင့်နဲ့ ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့ရဲ့ တင်ပြမှုအရလည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို ဦးတည်သောအားဖြင့်လည်းကောင်း ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်ဦးအောင်ခင်မြင့်၊ ဒုပါမောက္ခချုပ် ဒေါ်သီတာ၊ ဌာနမှူးဒေါ်ယဉ်ယဉ်နိုင်၊ စီမံမှူး ဒေါ်လှလေးမြင့်၊ ပါမောက္ခ ဒေါ်မို့မို့ထွန်းတို့ကို မေလ ၈ ရက်မှစပြီး ကရင်နီပြည်နယ် ကြားကာလ တရားစီရင်ရေးဥပဒေ ပုဒ်မ (၃၂) အရ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်တယ်” လို့ IEC က အသိပေးထားပါတယ်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် စုစုပေါင်း ၂၀၄ ယောက်ကို လွိုင်ကော်မြို့မှာ တိုက်ပွဲစဖြစ်တဲ့နေ့၊ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကတည်းက ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ခေါ်ထုတ် ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီထဲက ၁၉၃ ယောက်ကိုတော့ IEC က နယ်နှင်ဒဏ်ပေးခဲ့ပြီး ပြန်လွှတ်ပေးလိုက်တဲ့အထဲက ကရင်နီ ဒေသခံဖြစ်တဲ့သူတွေ အနေနဲ့ ခံဝန်ကတိနဲ့ သူတို့ မြို့နယ်မှာ ပြန်နေထိုင်ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် အပါအဝင် ဝန်ထမ်း ငါးယောက်ကိုတော့ ဆက်လက် ထိန်းသိမ်းထားခဲ့ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အမှုရဲ့ စစ်ဆေးပေါ်ပေါက်ချက်နဲ့ တရားစွဲဆိုခံရသူတွေရဲ့ ထွက်ဆိုချက်အရ အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ သူ့ရဲ့မိခင်၊ ကထိကနဲ့ တာဝန်ရှိသူတယောက် စုစုပေါင်း ငါးယောက်ကို ထောင်ဒဏ် နှစ်နှစ်အပြင် ငွေဒဏ် ကျပ် ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး ဘယ်လို ပြစ်မှုမျိုးတွေ့ရှိခဲ့တယ် ဆိုတဲ့ အသေးစိတ်ကိုတော့ ပြစ်ဒဏ်ချမှတ်စဉ်က ရှင်းလင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW