တမူးမြို့နယ်မှာ နစက ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးလို့ လူငယ်လေးယောက် သေဆုံး



မေ ၊ ၂၂ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ကျွန်းပင်သာကျေးရွာနားမှာ မနေ့ မေ ၂၁ ရက် မနက် ၉ နာရီဝန်းကျင်က နစက လုံခြုံရေး ကင်းပုန်းအဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးလိုက်တာကြောင့် လူလေးယောက် သေဆုံးသွားတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

ကျွန်းပင်သာကျေးရွာနေ ဒေသခံတယောက်က
” နစက ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတာဖြစ်တယ် ၊ သေဆုံးသူ လူငယ် လေးယောက်ဟာ ကျွန်းပင်သာရွာခံ ကလေးတွေမဟုတ်ဘူး ၊ ဘယ်က လူတွေဆိုတာ အခုထိမသိရသေးဘူး ” လို့ ပြောပါတယ်။

တမူးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က

” ဒရုန်းနဲ့တိုက်ခိုက်ဖို့ လာတဲ့ PDF လေးယောက်ကို ကင်းပုန်းအဖွဲ့က ပစ်ခတ်ဖမ်းဆီးတယ် ၊ အလောင်း လေးလောင်းနဲ့ အမ်-၂၂ သေနတ် ၁ လက် ၊ ကျည်အိမ် ၂ ခု ၊ ကျည် ၅၄ တောင့် ၊ Drone ၁ စီး ၊ Drone ဘတ္ကရီ ၇ ခု သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အခုထိ ဒေသတွင်း လက်နက်ကိုင် PDF တွေဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး ၊ အဲ့ဒါကြောင့် သေဆုံးသူ လူငယ် လေးယောက်ဟာ PDF တွေဖြစ်တယ်လို့ VOM အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ မေ ၁၇ ရက်က စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ မုံရွာ – ယာကြီး – ကလေးဝ ကားလမ်းမှာ အောင်ဇေယျ ရဲကင်းစခန်းက ရွှေတောင်ဦး သာသာနယ့်မြေတာဝန်ကျ ဒုရဲအုပ် တယောက်အပါအဝင် ရဲတပ်ဖွဲ့ဝင် ခြောက်ယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF တွေက ပစ်သတ်ပြီး လက်နက်ခဲယမ်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW