လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းဖြစ်ပေါ်နိုင်ပြီး တိုင်းနဲ့ ပြည်နယ်တချို့ လေပြင်းတိုက် ၊ မိုးကြီးနိုင်



မေ ၂၂ – ၂၀၂၄
SN (VOM)

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မေ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ငါးရက်အတွင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

မိုး/ဇလဌာနရဲ့ ဒီကနေ့ မေ ၂၂ ရက် မနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းလွန်-အင်ဒရာပရာဒေ့ရှ်တောင် ပိုင်းကမ်းခြေတို့မှာ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တခု ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ အရှေ့မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မေ ၂၄ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနိုင်ပြီး အရှေ့မြောက်ဘက်ကို ဆက်လက် ရွေ့လျားနိုင်ကာ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားပါတယ်။

ဒီမုန်တိုင်းအခြေအနေနဲ့ ပတ်သက်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က “မြန်မာနိုင်ငံကို မုန်တိုင်းဝင်ရောက်နိုင်ချေ မရှိပါဘူး။ ခုချိန်အထိ ရရှိပြီး update သတင်းအချက်အလက်တွေအရ မုန်တိုင်းက မြန်မာနိုင်ငံဘက်ကို တိုက်ရိုက် ဝင်ရောက်ရန်မရှိ (မရှိ) ပါဘူး။ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလာရင်လည်း ချက်ချင်း အသိပေး တင်ပြပေးသွားပါမယ်” လို့ ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ အားယူပြီး မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်း စသဖြင့် အဆင့်ဆင့် အားကောင်းလာတဲ့အခါ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၊ မြန်မာ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းက မိုင် ၃၀၀ ကျော်အထိ နီးကပ်လာမှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒါကြောင့် နောက်လာမယ့် သုံးရက်မှ ငါးရက်အတွင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော် စတဲ့ ဒေသတွေမှာ မိုးသည်းထန်နိုင်သလို ကျန်တိုင်းနဲ့ ပြည်နယ်ဒေသတွေမှာတော့ သုံးရက် လေးရက်ခန့် ဆက်ပြီး မိုးအသင့်အတင့် ရွာနေနိုင်ကာ တချို့နေရာဒေသတွေမှာတော့ လေပြင်းကျတာတွေ ဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

မိုးလေဝသပညာရှင် စုစုစံကတော့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းလေဝဲ 99B INVEST 01B ဟာ နောက် ၄၈ နာရီအတွင်း Deep Depression မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်ပြီး တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း မကွေးတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသတွေမှာ မိုးရွာနိုင်ပြီး ၇၂ နာရီအတွင်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မေလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ လပွတ္တာခရိုင်၊ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်၊ ပြည်ခရိုင်၊ နတ္တလင်းခရိုင်၊ သာယာဝတီခရိုင်၊ ညောင်တုန်းခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်နဲ့ ရန်ကုန်တိုင်း တတိုင်းလုံး၊ ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင် စတဲ့ ဒေသတွေမှာ မိုးကြီးခြင်း၊ ရုတ်တရက် လေပြင်းတိုက်ခတ်ခြင်း၊ ရေကြီးရေလျှံနိုင်ခြင်း အန္တရာယ်တွေ ရှိတယ်လို့ သိရပြီး မုန်တိုင်းမိုးဖြစ်ပေမယ့်လည်း အဲဒီရက်တွေမှာ မုန်တိုင်းဝင်ရောက်နိုင်ခြင်းအန္တရာယ် မရှိဘူးလို့လည်း ဆက်လက် အသိပေးထားပါတယ်။

မိုးကြီးရေလျှံသတိပြုရမယ့် ဒေသတွေကတော့ ပဲခူးတိုင်းအရှေ့ပိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသ၊ တောင်ငူ၊ ကျောက်ကြီး၊ နတ်သံကွင်း၊ ကညွှတ်ကွင်း၊ ညောင်ပင်သာ၊ ကျောက်တံခါး၊ ဖတို၊ ပိန်းဇလုပ်၊ ညောင်လေးပင်၊ ရွှေကျင်၊ မဒေါက်၊ ပြွန်တန်ဆာ၊ ဒိုက်ဦး၊ ဖောင်တော်သီ၊ ကဒုတ်ဘုရားကြီး၊ ကျိုက်ဇကော၊ အေးသုခ၊ ပျဥ်ပုံကြီး၊ ပဲခူး၊ ဝမ်းဘဲအင်း၊ ဘုရားလေး၊ ဘုရားကြီး၊ သနပ်ပင်၊ ဝေါ၊ ကဝ စတဲ့ ဒေသတွေဖြစ်တယ်လို့ မိုးလေဝသပညာရှင် စုစုစံက ခန့်မှန်းထားပါတယ်။

မိုး/ဇလရဲ့ ခန့်မှန်းချက်မှာလည်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့နေရာတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေနဲ့အတူ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ် နိုင်တယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ကတော့ ၉ ပေကနေ ၁၂ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်တယ်လို့ သိရပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တနာရီကို ၄၅ မိုင်မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၆ ပေခန့် ရှိနိုင်တယ်လို့ သိရပါတယ်။

လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ် သတိပြုဖို့လိုအပ်ပြီး မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ အနေနဲ့ကတော့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင် ဂရုပြုဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဒါအပြင် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊‌ သင်္ဘောတွေ အနေနဲ့လည်း ကြိုတင်သတိပြုကြဖို့ လိုအပ်တယ်လို့ မိုး/ဇလဌာနက အသိပေး နှိုးဆော်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW