ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းတက်ခွင့်ရပြီလား

မေ ၂၃ – ၂၀၂၄
GG (VOM)
ဒီနေ့ မေလ ၂၃ ရက်နေ့မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံကြဖို့ ပညာရေးဝန်ကြီးဌာနက အသိပေးထားပေမယ့်လည်း စစ်ဖြစ်နေတဲ့ဒေသက ကလေးငယ်တွေကတော့ ပညာသင်ခွင့်ဆုံးရှုံးနေကြဆဲဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ နေရာဒေသအတော်များများမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာစစ်ဘေးရှောင်နေရသူတွေ သန်းနဲ့ချီရှိနေတဲ့အထဲ ကျောင်းနေရွယ် ကလေးငယ်တွေလည်းအများအပြားပါဝင်နေတာကြောင့်ဖြစ်ပါတယ်။
နေအိမ်တွေစွန့်၊ မိမိဒေသကိုစွန့်ပြီးစစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် စစ်ရှောင်မိသားစုတွေရဲ့ကလေးငယ်အများစုဟာ စာသင်ကျောင်းတွေနဲ့ ဝေးကွာနေကြ တာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ စတင်ခဲ့တာ ခုချိန်အထိပဲဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ နယ်အခြေအနေအရ ကျောင်းတွေ ဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ဒေသက ေ ကျာင်းသားကျောင်းသူ တွေကို အခြားအဆင်ပြေတဲ့ကျောင်းမှာ တက်ရောက်နိုင်ဖို့စီစဉ်ပေးထားတယ်ဆိုပေမယ့်လည်း မြေပြင် အခြေအနေမှာတော့ ကျောင်း တက်ရောက်နိုင်သူနည်းပါးနေပါသေးတယ်။
” စစ်ရှောင်တွေကို ဒီမှာပဲတက်ချင်ရင်တက်လို့ရအောင် ပညာရေးဦးစီးဌာနဘက်ကတော့စီစဉ်ပေးတယ်၊ဒါပေမယ့် စစ်ရှောင်တွေက ဒီမှာ အမြဲစစ်ရှောင်ရမယ့်အခြေအနေလား၊ နယ်မြေတည်ငြိမ်ရင် နေရပ်ပြန်ရမှာလားပေါ့အဲ့လိုရှိတော့ ကျောင်းအပ်ဖို့ကသေချာတော့မသိသေးဘူး။ဒီမှာပဲ ကာလရှည်နေမယ့်သူတွေကတော့ ဒီမြို့ပေါ်မှာပဲစစ်ရှောင်ရင်းကျောင်းတက်နိုင်မယ်၊ ရွာပဲကျောင်းပြန်အပ်မယ်၊မတည်ငြိမ်ရင်ပြန်ပေးမယ်ဒါမှမဟုတ် ကျောင်းမအပ်ဘဲနေမလားဘယ်လိုလဲဆိုတာတော့ စစ်ရှောင်မိသားစုတွေအပေါ်ပဲမူတည်တယ်” လို့ တောင်ငူမြိုပေါ်က စစ်ရှောင်တွေကိုကူညီပေးနေသူတယောက်ကမှတ်ချက်ပြုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံထဲက ရန်ကုန်၊ ဧရာဝတီနဲ့ နေပြည်တော်ကောင်စီနယ်မြေမှာသာ တိုက်ပွဲတွေမရှိဘဲ ရံဖန်ရံခါ ပစ်ခတ်မှုလောက်သာရှိပေမယ့် ကျန်တဲ့ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သါရီတိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်းနဲ့စစ်ကိုင်းတိုင်းမှာတော့ နေ့စဉ်နဲ့အမျှတိုက်ပွဲတွေ ၊ပစ်ခတ်မှုတွေရှိနေပြီး နေရပ်စွန့်ခွာတွေ ပိုများလာနေပါတယ်။
တိုက်ပွဲတွေကတနေ့တခြား ပိုပြင်းထန်လာမှုနဲ့အတူ စစ်ရှောင်တွေလည်းတိုးပွားလာလို့ ပြီးခဲ့တဲ့ ဧပြီလအထိဆိုရင် တနိုင်ငံလုံးမှာ အိုးမဲ့အိမ်မဲ့ဖြစ်သူအပါအဝင်နေရပ်စွန့်ခွာစစ်ဘေးရှောင်ပေါင်း ၂.၈ သန်းကျော်အထိရှိတယ်လို့ UNOCHA myanmar ကသတင်းထုတ်ပြန်ထားပါတယ်။
ဒီလိုတိုက်ပွဲဖြစ်တဲ့အထဲက ရခိုင်ပြည်နယ်မှာဆိုရင် AA ထိန်းချုပ်ထားတဲ့မြို့တွေမှာ လက်ရှိနစကဘက်က အခြေခံ ပညာ စာသင်ကျောင်းတွေဖွင့်လှစ်နိုင်ခြင်းမရှိသလို ကျန်တဲ့တိုက်ပွဲပြင်းထန်တဲ့ဒေသရှိ မြို့နယ်တွေမှာလည်း ကျောင်းတွေဖွင့်နိုင်ဖို့ ဝန်ကြီးဌာနကကြိုးစားနေပေမယ့် နယ်မြေလုံခြုံရေးအရ အခြေခံစာသင် ကျောင်းတွေမဖွင့်နိုင်သေး ပါဘူး။
ကျောင်းမဖွင့်နိုင်လို့ စာသင်ခွင့်ဆုံးရှုံးရသလို ကျောင်းတွေဖွင့်လှစ်ပါကလည်း ဒေသခံတွေအနေနဲ့စစ်ရှောင်နေရသူတွေများတာကတကြောင်း၊ တိုက်ပွဲတွေကြောင့် အရေးပေါ်ပြင်ဆင်မှုတွေပြုလုပ်ထားရတဲ့အတွက် ကလေးငယ် တွေကို ကျောင်းအပ်နှံမှု လျော့ကျလာနေတာပဲဖြစ်ပါတယ်။
” ကျောင်းအပ်ဖို့နေနေသာသာ အခုတောင် ဘေးလွတ်ရာကိုပြေးနေရတာ၊ ကလေးတွေကိုကျောင်းမအပ်နိုင်ပါဘူး၊ ကျောင်းတွေလည်းဘယ်ဖွင့်နိုင်မလဲ ဒီလောက်တိုက်ပွဲဖြစ်နေတာ၊ ကျနော်တို့ဆိုစစ်ရှောင်လာတာကြာပြီ မြို့လဲမပြန်နိုင်ဘူး၊ရောက်တဲ့နေရာမှာလည်း ကလေးကိုကျောင်းမထားနိုင်ဘူး ၊ကလေးတွေကတော့သူတို့အရွယ်လေးတွေကျောင်းသွားကျရင် ကျောင်းတက်ချင်ကြတာပေါ့ ” လို့ ရခိုင်ပြည် နယ်၊ မောင်တောမြို့စစ်ရှောင် ဒေသခံတဦးကပြောပါတယ်။
နယ်မြေမတည်ငြိမ်မှုတွေကြောင့် ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းတက်ခွင့်မရဘဲ စာသင်ခွင့်ဆုံးရှုံးနေရတာဟာ ကလေးတွေရဲ့အနာဂတ်အတွက် ကြီးမားတဲ့နစ်နာမှုတခုပါပဲ။
ကလေးငယ်တွေဟာ ကျောင်းတက်ရမယ့်အရွယ်မှာ ကျောင်းတက်ခွင့်မရဘဲ စစ်ဘေးရှောင်နေရသလို အချို့သောကလေးငယ်တွေဟာဆိုရင်တော့ စစ်ပွဲအကြားမှာအသက်ဆုံးရှုံးခဲ့ရပြီး ပိုနစ်နာခဲ့ကြရပါတယ်။
အချို့သောမိသားစုတွေကလည်း စစ်ရေးမတည်ငြိမ်မှုအကြားမှာ ကလေးတွေကို ကျောင်းကိုပို့ဖို့ စိုးရိမ်မှုတွေရှိနေကြတာ မျိုးရှိသလို လက်ရှိ နစက လက်ထက်ပညာရေးစနစ်ကို မကြိုက်လို့ ကလေးငယ်တွေကို ကျောင်းမအပ်သူတွေလည်းရှိနေ ပါတယ်။
” ကျောင်းမထားဘူး၊ ၂၀၂၁ ထဲကပဲ၊အမတို့လည်းလက်ရှိရှောင်နေရတာ မိသားစုလိုက်ပဲ၊ကလေးတွေကတော့ကျောင်းနေချင်တဲ့ဆန္ဒရှိကြတယ်၊အမတို့ကမထားတာပါ၊ဒီစနစ်မကြိုက်လို့ဆန့်ကျင်နေပါတယ်ဆို ကျောင်းကိုတော့မထားတော့ဘူး၊ဒီကျောင်းကထွက်လို့လည်း ဘာမှမထူးခြားသွားဘူး၊ခုဘွဲ့ရတွေဘအလုပ်လက်မဲတွေဒုနဲ့ဒေးပဲ၊ကျောင်းမထားပါဘူး ” လို့ ရန်ကုန်က ကျောင်းသားမိဘတယောက်ကပြောပါတယ်။
ပညာရေးဝန်ထမ်းအချို့ကတော့ မိဘတွေအနေနဲ့ နိုင်ငံရေးနဲ့ပညာရေးကို မရောထွေးဘဲ သီးသန့်ထားပြီးခွဲခြားစေလိုကြောင်း၊ ကလေးတွေရဲ့ပညာရေးဏ္ကဏ္ဍကို မပိတ်ဆို့စေလိုကြောင်း၊ ကျောင်းနေအရွယ်မှာ စာသင်ကျောင်းကိုပို့ကြဖို့ ပြောဆိုထားပါတယ်။
” ကျွန်မတို့ကတော့ကလေးတွေကို ကျောင်းအပ်ရမယ့်အချိန်မှာ ကျောင်းအပ်စေချင်တယ်၊ ပညာရေးက ပညာရေးကဏ္ဍသပ်သပ်ပေါ့။သူတို့နိုင်ငံရေးကသပ်သပ်ပါ၊နိုင်ငံအုပ်ချုပ်သူမကြိုက်လို့ ကလေးတွေကျောင်းမထားတော့ အတန်းတနှစ်အောက်သွားမယ်။အသက်ကကြီးသွားမယ်၊ကလေးနစ်နာမယ်၊ ဒီနိုင်ငံရေးကဘယ်တော့ပြီးမလဲဘယ်သူမှမသိဘူး၊ဒါကြီးကိုစောင့်ပြီးကလေးကျောင်းမထားရင်ကလေးကအသက်ကြီးပြီး ကျောင်းမနေလိုက်ရတာပဲအဖတ်တင်မယ်၊ ကိုယ့်ကလေးအနာဂတ်ကိုကြည့်ကြပါ ” လို့ အမည်မဖော်လိုသူ အထက်တန်းပြဆရာမတယောက်ကမှတ်ချက်ပြုပါတယ်။
မနှစ်က ၂၀၂၃ ခုနှစ်ထဲမှာ စာသင်ကျောင်းတွေ ဗုံးခွဲခံရသလို အချို့ဒေသတွေမှာ စာသင်ကျောင်းပေါ်လက်နက်ကြီးကျရောက်ပေါက်ကွဲတာတွေရှိခဲ့တာကြောင့် ကျောင်းသားမိဘအချို့က ကလေးတွေကိုကျောင်းပို့ရမှာ စိုးရိမ်နေကြတာရှိပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ ခုနှစ် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေးကို ဒီနေ့မေလ ၂၃ ရက်ကနေ ဇွန်လ ၂ ရက်အထိသတ်မှတ်ပေးထားပြီး ဇွန်၃ရက်နေ့မှာ ကျောင်းတွေစတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ပြောထားပါတယ်။
ကျောင်းနေရွယ်ကလေးတိုင်းကျောင်းအပ်နှံနိုင်ရေးအတွက် အခြေခံပညာကျောင်းတွေ ကျောင်းအပ်လက်ခံရာမှာ ဘာအတွက်မှ အခကြေးငွေ မကောက်ရဘူးလို့ သတိပေးထားတဲ့အပြင် အခြားဘယ်လိုပစ္စည်းကိုမှ ရောင်းချခြင်းလည်းမပြုလုပ်ရဘူးလို့ဝန်ကြီးဌာနကအသိပေးထားပါတယ်။
ကျောင်းအပ်လက်ခံရာမှာ ကျောင်းအုပ်၊ ဆရာ၊ ဆရာမတွေ၊ အရာထမ်း၊ အမှုထမ်းအားလုံး ကျောင်းသားတွေဆီကနေ အခကြေးငွေကောက်ခံခြင်း၊လက်ခံခြင်းမပြုလုပ်ဖို့ ၊ ငွေကြေး/လက်ဆောင် ပစ္စည်း တစုံတရာ လက်ခံခြင်းမပြုလုပ်ဖို့၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နဲ့ အခြားဘာ်လို ပစ္စည်းကိုမှ ရောင်းချခြင်း မပြုလုပ်ရဘူးဆိုပြီးတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒါအပြင် ကျောင်းအပ်နှံတဲ့ကလေးတွေကို အတန်းအလိုက် ကျောင်းဝတ်စုံ၊ဗလာစာအုပ်၊ ခံတံ၊ဖောင်တိန်တွေလည်း ထောက်ပံ့ပေးနေပေမယ့် အချို့ကျောင်းတွေမှာ စာအုပ်မလုံလောက်တာ၊ဝတ်စုံမလောက်ငှတာတွေကြောင့် မဲနိူက်ပြီး ပေးအပ်မှုရှိနေတယ်လို့သိရပါတယ်။
” ကျောင်းဝတ်စုံထုတ်ပေးပေမယ့် မရသေးဘူး။ ကျောင်းဖွင့်မှရမယ်ပြောတယ်။ အခုပါလာတာမလောက်လို့ပြောတာပဲ၊ဖတ်စာအုပ်ပဲရသေးတယ်။ဗလာစာအုပ်လည်းမရသေးဘူး ၊ကျမတို့ဘက်ကတော့ဘာမှမဖြစ်ဘူး အေးချမ်းလို့ ကျောင်းဖွင့်တယ်ပုံမှန်ပဲ ” လို့ပဲခူးအနောက်ခြမ်း၊ပြည်မြို့က ကျောင်းသားမိဘတယောက်ကပြောပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ ခုနှစ်ကျောင်းဖွင့်ချိန်မှာ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးနဲ့ဒေသအားလုံးမှာ အခြေခံပညာကျောင်းတွေဖွင့်လှစ်နိုင်ဖို့စီစဉ်နေကြောင်း ပြောဆိုထားပေမယ့် ဖွင့်လှစ်မယ့်ကျောင်းစာရင်းကိုတော့ခုချိန်ထိထုတ်ပြန်ခြင်းမရှိသေးပါဘူး။
မနှစ်က ၂၀၂၃ – ၂၀၂၄ ခုနှစ်ပညာသင်နှစ်မှာလည်း အခြေခံပညာကျောင်းတွေမှာ ကျောင်းသားဦးရေ ၆ သန်းခွဲကျော်ရှိခဲ့တယ်လို့သိရပါတယ်။ လက်ရှိပညာသင်နှစ်မှာတော့ ပြည်တွင်းဖြစ်နေတဲ့အခြေအနေတွေကြောင့် ကျောင်းအပ်နှံတဲ့ အခြေခံပညာကျောင်းသားဦးရေစာရင်း သိသိသာသာလျော့ကျနိုင်တယ်လို့ ပညာရေးအသိုင်းအဝိုင်းကခန့်မှန်းထားကြပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW