မွေးမြူရေးအစာနဲ့ ကြက်သားပေါက်တွေ ဝယ်ယူရ ခက်ခဲလာတာကြောင့် ကြက်သားစျေးနူန်းတွေ အဆမတန် မြင့်တက်လာ

မေ ၊ ၂၃ ၊ ၂၀၂၄
TT(VOM)
ပြီးခဲ့တဲ့ မေ ၁၇ ရက်ကစလို့ နိုင်ငံတဝှမ်းမှာ ကြက်သားပေါက်နဲ့ တိရစ္ဆာန် မွေးမြူရေး အစာတွေ ဝယ်ယူရတာ ခက်ခဲလာတဲ့အတွက် ကြက်သား စျေးနူန်းတွေဟာလည်း အဆမတန် မြင့်တက်လာနေတယ်လို့ မွေးမြူရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ မေ ၁၅ ရက်အထိ ကြက်သားစျေးနူန်းက တပိဿာကို ရှစ်ထောင့်ငါးရာ (၈၅၀၀) စျေးပေါက်တယ် ၊ အသားကောင်း သီးသန့်ဆိုရင် တပိဿာကို တသောင်း နှစ်ထောင်ကျပ်ဖြစ်တယ် ၊ မေ ၁၅ ရက်နောက်ပိုင်း ကြက်သား တပိဿာကို တသောင်းခွဲကနေ တသောင်း ခုနှစ်ထောင်အထိ စျေးနူန်းတွေမြင့်တာလာတယ် ၊ ဘာကြောင့် အခုလို စျေးနူန်းတွေ မြင့်တက်လာရသလဲဆိုရင် မွေးမြူရေးခြံတွေက တိရစ္ဆာန် အစာနဲ့ ဆေးစျေးနူန်းတွေ မြင်တက်လာတဲ့အပြင် ဝယ်ယူရတာ ခက်ခဲမှုတွေ ရှိတာကြောင့် ကြက်သားစျေးနူန်းတွေ မြင့်တက်လာရတာဖြစ်တယ် ” လို့ ပြောပါတယ်။
​ပဲခူးမြို့ခံ မွေးမြူရေးခြံ လုပ်ငန်းရှင်တယောက်က
” ဒီရက်ပိုင်းကစလို့ ကြက်သားစျေးနူန်းတွေ အရင်ကထက် လေးထောင်ကျော်လောက် စျေးနူန်းတွေမြင့်တက်လာတယ် ၊ အကြောင်းကတော့ မြန်မာနိုင်ငံမှာ ကြက်သားပေါက်နဲ့ မွေးမြူရေးအစာ ၊ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္မဏီတချို့ လုပ်ငန်းရပ်နားမယ်လို့ သိရတယ် ၊ အခုဆိုရင် မွေးမြူရေး အစာနဲ့ ဆေးဝါးတွေ ဝယ်ယူရတာ ခက်ခဲလာတယ်၊ နောက်ပြီး ကြက်သားပေါက်တွေ ထပ်မံမှာယူလို့ မရဘူး ၊ အဲ့ဒီ အခြေအနေတွေကြောင့် ကြက်သားစျေးတွေ တက်ရတာဖြစ်တယ် ” လို့ ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ မြောင်းတကာ သံမဏိစက်မှုဇုန်မှာရှိတဲ့ ကိုရီယားနိုင်ငံက CJ Feed Myanmar တိရစ္ဆာန်အစာနဲ့ ကြက်သားပေါက် ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္မဏီကအလုပ်သမား အင်အား လုံလောက်မှုမရရှိတာနဲ့ ကုန်ကြမ်း ရရှိမှု ခက်ခဲတာ၊ အရင်ကထက် လုပ်ငန်းလည်ပတ်မှု စွမ်းရည် သိသိသာသာကျဆင်းလာနေတာမို့ လာမယ့် မေ ၂၈ ရက်ကနေစတင်ပြီးကုမ္မဏီစက်ရုံရဲ့ လုပ်ငန်းတွေ ယာယီရပ်နားထားတော့မယ်ဆိုတဲ့ အကြောင်းကို ပြီးခဲ့တဲ့ မေ ၁၇ ရက်က မွေးမြူရေး လုပ်ငန်းရှင်တွေနဲ့ တိရစ္ဆာန်အစာ ရောင်းဝယ်ရေး လုပ်ငန်းရှင် (ဖောက်သည်) တွေဆီ အကြောင်းကြားစာပို့ခဲ့တယ်လို့ သိရပါတယ်။
CJ Feed Myanmar ကြက်သားပေါက်လုပ်ငန်းနဲ့ မွေးမြူရေး တိရစ္ဆာန် အစာ စက်ရုံနဲ့ နီးစပ်သူတယောက်က
” လာမယ့် မေ ၂၈ ရက်ကနေစပြီး CJ Feed Myanmar ကုမ္မဏီရဲ့ လုပ်ငန်းတွေ ယာယီရပ်နားတော့မယ် ၊ အဲ့ဒါကြောင့် ကုမ္မဏီထံ ပေးသွင်းရန်ကျန် ကုန်ဖိုးငွေတွေကိုလည်း လာမယ့် ဇွန် ၂၈ ရက်နေ့ (တလတိတိ အတွင်း) မှာ ပေးသွင်းကြဖို့ အကြောင်းကြားထားတယ် ၊ အဲ့ဒါကြောင့် CJ ကိုအမှီပြုနေရတဲ့ မွေးမြူရေး လုပ်ငန်းရှင်တွေ အခက်တွေ့နေရတာ ဖြစ်တယ်” လို့ ပြောပါတယ်။
အဲ့ဒါကြောင့် အခုရက်ပိုင်းအတွင်း မွေးမြူရေး သွင်းအားစုတွေဖြစ်တဲ့ အစာ ၊ ဆေးဝါးနဲ့ ကြက်သားပေါက်တွေ အဆမတန် စျေးနူန်းမြင့်တက်လာပြီး ဝယ်ယူဖို့ ခက်ခဲမှု ရှိတာကြောင့် မွေးမြူရေး လုပ်ငန်းရှင်၇၀ ရာခိုင်နူန်းကျော်ဟာ အဲ့ဒီဒဏ်ကိုခံနေရတယ်လို့ သိရပါတယ်။
CJ Feed Myanmar (ကိုရီယား) ကုမ္မဏီဟာ မြန်မာနိုင်ငံ အပါအဝင် ၊ ကိုရီယား ၊ တရုတ် ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာ ကြက်သားပေါက်နဲ့ မွေးမြူရေး အစာတွေကို ထုတ်လုပ်ဖြန့်ချီပေးနေတာဖြစ်ပြီး အဲ့ဒီလို ထုတ်လုပ်ပေးတဲ့ စက်ရုံပေါင်း ၃၀ နီးပါးရှိတယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW