ရခိုင်စစ်ဘေးရှောင်တွေ မိုးတွင်း နေထိုင်ရေး အခက်အခဲဖြစ်နေ

မေ ၂၃ – ၂၀၂၄
SN (VOM)
နေရပ်မပြန်နိုင်သေးတဲ့ ရခိုင်စစ်ဘေးရှောင်တွေအနေနဲ့ မိုးရာသီမှာ နေထိုင်ရေး ဆိုးရွားစွာ အခက်အခဲနေတယ်လို့ ဒေသခံ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုင်ဝင်ဘာ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်က အရပ်သားပြည်သူ လေးသိန်းနီးပါး နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။
“ခုထိ နေရပ်မပြန်နိုင်သေးတဲ့သူတွေ ရှိတယ်။ နဂိုကတည်းကမှ ဘေးကင်းလုံခြုံတဲ့ အမိုးအကာတွေ မရှိသလို အိပ်စက်ဖို့အတွက် နေရာအခက်အခဲတွေပါ ရှိနေရတဲ့အထဲ မိုးရာသီရောက်လာတော့ ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ မိုးရွာတော့ ချက်ပြုတ်ဖို့နေရာ၊ အိပ်မယ့်နေရာတွေအကုန် မိုးရေစိုကုန်ပြီ။ အမိုးအကာအကူအညီတွေ အရေးတကြီး လိုနေပါတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မနေ့ မေ ၂၃ ရက်၊ မနက် ၉ နာရီခွဲအချိန်မှ ဒီကနေ့ မနက် ၉ နာရီခွဲအချိန်အထိ မိုးလေဝသတိုင်းထွာချက် အကျဉ်းချုပ်အရ အနောက်တောင်မုတ်သုံလေဟာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းကို ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နဲ့ မွန် ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့မှာ နေရာကျဲကျဲနဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး မကွေးတိုင်းမှာတော့ ဒေသအလိုက် မိုးကြီးခဲ့တယ်လို့ သိရပါတယ်။
“မိုးလေဝသ ခန့်မှန်းချက်တွေမှာ လေပြင်းတိုက်ခတ်ပြီး မိုးကြီးနိုင်တဲ့ ဒေသတွေထဲမှာ ရခိုင်ပြည်နယ်လည်း ပါနေတယ်။ ဒါကြောင့် စစ်ဘေးရှောင်တွေအတွက်က စိုးရိမ်စရာအနေအထား ဖြစ်နေတယ်။ နေစရာ လုံခြုံမှုမရှိရင်တော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ပိုပြီး အခက်ကြုံရမယ်။ ပြီးတော့ ကျန်းမာရေးကိစ္စကလည်း ရှိသေးတယ်လေ။ သူတို့တွေ ဒီမိုးတွင်းကို လုံလုံခြုံခြုံနဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့အရေး တွေးပူနေရတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူက ပြောပါတယ်။
လက်ရှိမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရမ်းဗြဲမြို့တွေကနေ သိန်းနဲ့ချီ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ အမိုးအကာ လုံခြုံမှုအောက်မှာ မရှိသေးဘူးလို့ သိရပါတယ်။
“စစ်ရှောင်အများစုက လတ်တလော ကြုံတဲ့နေရာမှာ ဝါးတဲလေးထိုးပြီးတော့ အမိုးအကာမပါဘဲ နေကြတာများတယ်။ စစ်ရှောင်စခန်းရယ်လို့လည်း အတည်တကျမရှိဘူး။ ဒီလို ယိုင်နဲ့နဲ့ နေရာလေးတွေမှာ နေရတဲ့သူတွေအတွက်က မိုးတွင်း တတွင်းလုံး ဘယ်လိုနေသွားကြမလဲ၊ တွေးသာကြည့်တော့။ ကူညီကယ်ဆယ်ရေးတွေလည်း ကန့်သတ်ခံထားရတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations OCHA Myanmar) ရဲ့ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်ဟာ အဆိုးရွားဆုံးအခြေအနေမှာ ရှိနေပြီး ဆေးဝါး၊ စားနပ်ရိက္ခာ၊ ရေ အပါအဝင် နေရေးထိုင်ရေးတွေမှာ လိုအပ်ချက် မြင့်မားနေတယ်လို့ သိရပါတယ်။
UNOCHA Myanmar ရဲ့ ဒီကနေ့ မေ ၂၃ ရက် ထုတ်ပြန်ချက်ဖြစ်တဲ့ အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများ အကျဉ်းချုပ်မှာ ‌တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့ မျိုးစုံကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာ နေရပ်စွန့်ခွာတာတွေ ဆက်ဖြစ်နေပြီး အရပ်သားပြည်သူ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ စိုးရိမ်စရာတွေလည်း ဆက်လက် မြင့်တက် လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်မှာ AAနဲ့ နစကတပ်အပြင် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် စတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ပတ်သက်နေတဲ့ ဘူးသီးတောင်မြို့နယ်က ပဋိပက္ခဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ပြင်းထန်ခဲ့တယ်လို့ UNOCHA Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါကြောင့် မြို့လယ်မှာရှိတဲ့ အရေအတွက်အတိအကျ အတည်မပြုနိုင်တဲ့ လူနေအိမ်များစွာ မီးလောင်ပြာကျခဲ့ရသလို လူမျိုးရေးတင်းမာတဲ့ အခြေအနေတွေလည်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အဲဒီထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရဲ့ ပလက်ဝမြို့နယ်တို့မှာ လူဦးရေ တသိန်းရှစ်သောင်း ငါးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – ပိုးရွှီပြင် မဟာမိတ် လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW