မိုးမရွာဘဲ ကြာလေပြီ မိုးရော လေရော လာလေပြီ

 

 

 

ဆူးငှက်

 

“မိုး… မိုး… ရွာလိုက်မိုး

အိမ်မိုးခေါင် မြုံးထောင်ရအောင်

ရွာလိုက်ပါတော့မိုး

မိုးမရွာဘဲ ကြာလေပြီ

မိုးရော လေရော လာလေပြီ…”

 

 

တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး… သင်္ကြန်မိုးတဲ့…။ ကဆုန်အတွင်းမြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့ တဲ့။ နယုန်မိုးသေး မြက်သားမွေးသတဲ့…။ ဝါဆိုတစ်ကြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး… တဲ့လေ။ ရော်ရွက်ဝါေýက… နွေဦးပေါက်ကတည်း ကပူပြင်းလာတဲ့ နေရောင်ခြည်အောက်မှာ မိုးကိုမျှော်ကြပြီလေ။ ပိတောက်ဝါငုံဖူး၊ တန်ခူးရောက်တော့ သင်္ကြန်မိုးပြေးလေး မျှော်တာပေါ့။ ဟုတ်တယ်။ အရင်ကတော့ ပိတောက်ဝါငုံဖူး တန်ခူးရောက် တော့ သင်္ကြန်အပြီး မိုးပြေးလေး သည်းသည်း ရွာလေ့ရှိတယ်။ပူမယ်လို့အားယူနေရဲ့ နေမင်းဟာ သင်္ကြန်မိုးကြောင့် ခပ်ရို့ရို့ ဖြစ် သွားသည်ချည်း။ ပြီးတော့ အအေးဓာတ်ကလေး စွက်လာသည်ချည်း။ ဒီ့နောက် ကဆုန်လ ရောက်ပြန်တော့ မသည်းပေမယ့် ဖွဲတဲ့ မိုးက နွေအပူကို အံတုနိုင်ခဲ့တယ်။ အခုတော့ ပူတယ်လေဆယ်နေကဲ တတ်တဲ့ မိုးရှား ရေနည်း ရပ်ဝန်းမှာ အရင်ကထက် ပိုပြီးမိုးက ခေါင်နေလေရဲ…။ မိုးကို ဆွဲဆောင် သိမ်းသွင်းနိုင်တဲ့သစ်ပင် သစ်တောမှ မရှိတော့မင့်…။ မြို့ပေါ်က သစ်ကြီးဝါးကြီးတွေအစား သွပ် မိုးကွန်ကရစ် အထပ်မြင့် တိုက်ကြီးတွေ နေရာယူသွားမင့်ဟာ…။ ဒါမျှမက စက်တပ်ယာဉ် အသီးသီးရဲ့ ပူလောင် ကာဗွန်အငွေ့တွေက မိုးရိပ်မိုးဓာတ်တွေကို ဝါးမျို စားသောက်လိုက်ပြီ ဥစ္စာ…။

 

 

သည်ကြားထဲ ကမ္ဘာကြီးမှာ အိုဇုန်းလွှာပေါက်သတဲ့…။ ခရမ်းလွန် ရောင်ခြည် မြင့်တက်သတဲ့။ ဒီတော့ မြေနိမ့်ရာ လှံစိုက် ဆိုသလို ကံဆိုးမသွားရာ မိုးလိုက်လို့ပင် မရွာလေတော့ ဒီနှစ် နွေဦးပေါက်ကတည်းက မန္တလေးမှာ မိုးခေါင်လို့ နေသည်။သင်္ကြန် မတိုင်မီကလည်း မျှော်လိုက်ရတဲ့မိုး…။ ဒါပေမယ့် ကွက်ကျားမိုးဖွဲအဖြစ်သာ မစို့မပို့ အပူဆွရုံရွာ။ သင်္ကြန်ပြီးပြန်တော့စားဝတ် နေရေး အပူတွေ ဗလပွမှာ မိုးဝေး လေဝေးမို့ ပူတယ်လေ ဆယ်နေကဲ ဟုသာ ဟစ်နေကြရတော့…။

 

 

မန္တလေးမြို့ရဲ့ အောင်ပင်လယ်ကွင်း အရှေ့ခြမ်းမှာ ရန်ကင်းတောင်ရှိတယ်။ ရန်ကင်းတောင်တော်မှာ ငရံ့မင်းတွင်း ရှိတယ်။ ငရံ့မင်းတွင်း ဆိုတာ သဘာ၀ ကျောက်လိုဏ်ဂူကြီးပါ။ ပုဂံခေတ်၊ မင်းရှင်စောလက်ထက်၊ မြို့ပြတည် အခြေချခဲ့တဲ့ ပူတက်ကုန်းအရပ်မှာ မိုးတွေခေါင်တော့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများရဲ့ သြဝါဒနဲ့ သစ်ကနက်သားနဲ့ ငရံ့မင်းပုံထုလုပ်၊ ငရံ့မင်းပရိတ်ရွတ်၊ ဒီလိုနဲ့ မိုးကိုထိန်းညှိကြတယ်။ပြီးတာနှင့် ငရံ့ မင်းပုံတော်ကို အဓိဋ္ဌာန်ပြီး ဆင်တော်ပေါ်တင်ကာ လွှတ်တော့ဆင်တော်ရပ်နားတဲ့ ရန်ကင်းတောင်ပေါ်က ကျောက်ဂူကြီးမှာ ငရံ့ မင်းပုံတော် ကိန်းဝပ်စေပြီး ငရံ့မင်းဂူအဖြစ် ထင်ရှားစေခဲ့ပါတယ်။ နောက်တော့ ငရံ့မင်းဂူနှင့် ရန်ကင်းတောင်တော်ဟာ သာသနိက အဆောက်အဦများစွာ ထင်ရှားနေတာ အခုတိုင်ပါပဲ။ ဒီအစဉ် အလာအတိုင်း အခုအချိန်ထိ မန္တလေးမှာ မိုးခေါင်ရင် ရန်ကင်းတောင်ပေါ်ကငရံ့မင်းရုပ်တုကို ပင့်ပြီး ငရံ့မင်း ပရိတ်ရွတ်ကာ မြို့တွင်း လှည့်လည်တယ်။ အလားတူပါပဲ။ မန္တလေးမှာ မိုးခေါင်ရင် မိုးခေါင်ကျော်စွာနတ်ကို ပင့်ပြီး နှစ်ဘက် လွန်ဆွဲကြပါတယ်။

 

 

အခုရက်အတွင်း မန္တလေးမှာ ရပ်ကွက်အနှံ့ မိုးခေါ် လွန်ဆွဲပွဲတွေ ဆင်နွဲကြတယ်။ လွန်ဆွဲကြရင် အများအားဖြင့်အမျိုးသား တစ်ဖက်၊ အမျိုးသမီး တစ်ဖက်ဆွဲကြတယ်။ ကနဦးအနေနဲ့ မိုးခေါင်ကျော်စွာ နတ်ကို ပင့်ပြီး တိုင်တည် ကြရတယ်။ရှေးရှေး ကာလတွေတုန်းကလွန်ဆွဲပွဲမှာ –

 

“ရွှေလွန်ပျိုတန်းလို့၊ ရှစ်ခန်းဝလာသန်ရယ်…

ချုန်းသံကိုပေး…။

မိုးနတ်မင်းရှင်…၊ ဒီပါခွင် ရေတွေဖွေးအောင်

သွန်းရွာပါ့လေး။

မိုးရေတိမ်တောင်၊ လျှပ်ရောင်ပြေး

ပျိုလေးစက်လို့ ပျော်နိုင်ပေါင်…။

အိုးစည်ဗုံတောင် သင်ကာပြ၊

နား၍သာထောင်လေ့။               ။

ဇမ္မူဒီပ မင်းလောင်းဝင်ရဲ့ ပျိုလေးငင်တဲ့

လွန်အောင်ပန်းကိုဆွဲမယ်လို့တန်း…”လို့ အမျိုးသမီးတွေဘက်ကသီဆိုတယ်။

 

ဒီအခါ အမျိုးသားတွေဖက်ကလည်း

 

“ဟေ့… ဆွဲကြပါ မဟဝါတို့ရဲ့ တေးချင်းဆိုနေလို့ ပြီးတော့မှာ မဟုတ်ဘူး…”လို့ ပြန်ခနဲ့ကြတယ်။

ဒီတော့ အမျိုးသမီးတွေဖက်ကအားကျမခံ

“ဆွဲပါတဲ့ ဆွဲပါ…၊ ဆွဲပါမယ်ကွယ် နေပါဦး…၊

ပျိုလေးပါတဲ့ ဒါလီကုံး…၊ သိမ်းပါရတုံး…။

ဆဒ္ဒန်ဆင်မင်း နေတဲ့တော၊

ရွှေလွန်ချောတဲ့ ပေါလှတယ်

ညည်းတို့မောင် လွန်ခုတ်သွား၊ ထားလိုက်ပါအေတို့ရယ်

အားငယ်လှတယ်လေ့…။

လူမနီးတဲ့မြိုင်ကြီးလယ်ရဲ့ တဝဲလယ်လယ်…

ကျောက်စီဓားနှင့်၊ မင်းလွန်ခုတ်သွား။

လွန်ခုတ်ရာပြန်၊ မိလ္လာရောင် ဖန်ခွက်နှင့်

တစ်ဝက်ကို မျိုလိုက်စမ်းပါ…၊

သေလုအောင်ပန်း…

ရွှေနန်းတော်အနောက်နားက

ပျိုကစားတဲ့ လွန်တံရှည်

သုံးပတ်ရစ်ခွေလေ့၊

ဒီလွန်တံရှည် နိုင်ပါစေတော့၊

အုန်းသပြေနဲ့ ညောင်ရေလောင်းတယ်

မိုးရွာဆုတောင်း၊

ညာဉ့်ဦးကိုတင်၊ လဝင်လျှင် ရွာလိုက်ပေါ့

ခေါင်းပေါ်ကမိုး”ဆိုပြီး “လွန်ချင်း”ကိုသီဆိုကြပြီး နှစ်ဖက်အပြိုင် လွန်ဆွဲကြတာတဲ့။

 

 

မြေလတ် အပူပိုင်းဒေသတွေမှာတော့ လွန်ဆွဲကြရင် သီဆိုကြတဲ့ သီချင်းတွေကတော့ မန္တလေးလို မဟုတ်ဘူးပေါ့။ ထီးတွေ နန်းတွေမပါဘူးပေါ့…။ လယ်တွေယာတွေ ပါတာပေါ့။

 

ဘာတဲ့…

 

“မိုးခေါ်တဲ့ ဘိုးအောင်ကျော်

မိုးခေါ်လို့ပေး၊ ခေါ်လို့ပေး…၊

တောင်ခြေရင်း ဝါခင်းစိုက်တဲ့ ဘိုးအောင်ကျော်

မိုးခေါ်လို့ပေး၊ ခေါ်လို့ပေး…။

 

ဗူးတစ်လုံးနှင့် ရေကိုဆောင်

နေလည်းညိုမှောင်၊ မြေခဲဆိုတောင်…

တောင်ခြေရင်းမှာ ဝါခင်းသစ်စိုက်တဲ့

ဘိုးအောင်ကျော်ငယ်လေး…

မိုးခေါ်လို့ပေး… ခေါ်လို့ပေး…”တဲ့…။

 

ဘယ်လိုပဲဆိုစေကာမူ…

 

လူသားအားလုံးဟာ ပူလောင်ခြင်း အထိအတွေ့၊ ပူပန်ခြင်း သောကတွေကို ရင်မဆိုင် လိုပါဘူး။ ရာသီကြောင့် ပူပန် တာကိုမိုးရေနဲ့ အေးမြစေချင်ကြတယ်။ ဒါကြောင့် အစဉ်အဆက် ယုံကြည်မှုအရ အပူဒဏ်ကို လှိမ့်နေအောင် ခံစားရတော့ မိုးခေါ်လွန်ပွဲတွေ ဆွဲကြတာပေါ့။

 

 

ဒီလိုပါပဲ။

 

 

“ပူပန်ခြင်းသောက”၊ “ပူပြင်းခြင်းဘဝ”တွေကိုပဲ နှစ် ပေါင်းဆယ် ချီခံစားနေကြရတဲ့ ပြည်သူတွေအတွက် ငြိမ်းချမ်းစေခြင်း၊ ပညာဉာဏ် ကြွယ်ဝစေခြင်း၊ တိုးတက် ခေတ်မီစေခြင်းဆိုတဲ့ မိုးစက် မိုးပေါက်တွေ ဖြိုင်ဖြိုင် သွန်းဖြိုးစေအောင် အခုတော့“ဓမ္မနှင့် အဓမ္မ”တို့ လွန်ဆွဲနေလိုက်ကြတာလေ။

 

ဘယ်သူများ အနိုင်ရရင် “အများမျှော်လင့်မိုး”ရွာပါ လိမ့်။

 

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #မိုးမရွာဘဲကြာလေပြီမိုးရောလေရောလာလေပြီ

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW