ရွှေဈေးကွက်အတွင်း အစစ်အဆေး ကြမ်းနေ

 

ဇွန် ၁၀ – ၂၀၂၄
SN (VOM)

ပြည်တွင်းရွှေဈေးနှုန်း ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ နစက တာဝန်ရှိသူတွေက ရွှေဆိုင်တွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အစစ်ဆေးကြမ်းနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

နစက က ဈေးကစားသူတွေ၊ လေပက်ကား ရောင်းချသူတွေကြောင့် ရွှေနဲ့ ဒေါ်လာဈေး မြင့်တက်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီး အရေးယူတာ၊ ဖမ်းဝရမ်းထုတ်တာတွေ လုပ်ဆောင်နေသလို ရွှေဆိုင်တွေကိုလည်း အသွင်ယူ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“အခုက နေ့တိုင်းလိုလိုကို ဝင်စစ်နေတာ။ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) တွေလည်း လာတယ်။ စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန) ကလည်း လာစစ်တယ်။ အရပ်ဝတ်တွေနဲ့ ဝယ်သူအယောင်ဆောင်ပြီး ဝင်စစ်တာလည်း ရှိတယ်။ နစက လုံခြုံရေးတပ်ဖွဲ့ ယူနီဖောင်းအပြည့်အစုံနဲ့ လေး၊ ငါးယောက်လောက် ရောက်လာပြီး လာစစ်တာလည်း ရှိတယ်။ ဆိုင်က ဘောက်ချာစာအုပ်‌တွေကို တောင်းပြီး သူတို့ဆီမှာပါလာတဲ့ စာအုပ်ထဲက အချက်အလက်တွေနဲ့ သေချာတိုက်ပြီး စစ်တာ။ ဆိုင်အနေအထားနဲ့ ဆိုင်က လုံခြုံရေး ကောင်လေးတွေကိုလည်း ဓာတ်ပုံရိုက်သွားတယ်” လို့ ရွှေဆိုင်ပိုင်ရှင်တယောက်က ပြောပါတယ်။

နစကအနေနဲ့ ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်တွေကို ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း အရောင်း၊ အဝယ် ပြုလုပ်ရမယ်လို့ အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ ရွှေဈေးကွက်အတွင်း ဆိုင်အများစုမှာ YGEA ရဲ့ သတ်မှတ်ဈေးအတိုင်းသာ ရွှေဝယ်ယူပေးနေပြီး အရောင်းကိုတော့ ရပ်ဆိုင်းထားကြတယ်လို့ သိရပါတယ်။

“အဖမ်းအဆီးတွေ နောက်ပိုင်း ဆိုင်မှာ အခေါက်ကတော့ လုံးဝ ရောင်းမပေးတော့ဘူး။ တချို့ဆိုင်တွေကတော့ တပဲလောက် ရောင်းပေးတယ် ကြားတယ်။ ဒါပေမယ့် ဆိုင်မှာတော့ အခေါက်ကို လုံးဝ ရပ်ထားတယ်။ ဈေးကွက်ထဲမှာလည်း ‌ဈေးတောင် မဖွင့်တော့ဘူး။ တချို့ဆိုင်တွေကျတော့လည်း မှောင်ခိုဈေးနဲ့ ရောင်းတာ၊ ဝယ်တာရှိတယ်။ YGEA ရွှေဈေးနဲ့ တရားဝင် ရောင်းပေးတာဆိုရင်တော့ အလျော့တွက်၊ လက်ခတွေ ပိုတွက်ကြတာပေါ့” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

ဒါအပြင် နစကအနေနဲ့ ရွှေဈေးနှုန်းကျဆင်းရေး လုပ်ဆောင်လျက်ရှိတာမှာ YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်နဲ့ အတွင်းရေးမှူး ဦးဝင်းမြင့်တို့ကို ရွှေဈေးတွက်ချက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ခေါ်ယူမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ မနေ့ ဇွန် ၉ ရက်က သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် YGEA ဘက်ကတော့ သတင်းမှားသာဖြစ်တယ်လို့ ပြန်လည် ဖြေရှင်းထားပါတယ်။

ပြင်ပဈေးကွက်အတွင်း ရွှေဈေးနှုန်း အဆမတန် မြင့်တက်နေမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက အရေးယူမှုတွေ ဆက်တိုက် ပြုလုပ်ခဲ့တဲ့အတွက် ပြင်ပရွှေဈေးနှုန်း ကျဆင်းနေချိန်မှာ YGEA က အသင်းရဲ့ သတ်မှတ်ရည်ညွှန်းဈေး ကျပ် သုံးဆယ့်ကိုးသိန်း ကိုးသောင်း ကိုးထောင်ရှစ်ရာဝန်းကျင်ကို ကျပ် ရှစ်သိန်းခုနစ်သောင်းကျော်အထိ ဈေးဆွဲတင်ပြီး ကျပ် လေးဆယ့်ရှစ်သိန်း ခုနစ်သောင်းတထောင်အထိ တိုးမြှင့် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ရည်ညွှန်းဈေး မြင့်တက်လာ‌တာကြောင့် ဈေးကွက်အတွင်း ဝေဖန်မှုတွေ များစွာ ထွက်ပေါ်ခဲ့ပြီး အဲဒီနောက်မှာတော့ ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို ခေါ်ယူထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီကနေ့ ဇွန် ၁၀ ရက်၊ ဈေးကွက်အဖွင့်မှာတော့ YGEA ရည်ညွှန်းဈေး ပြန်လည် ကျဆင်းလာပြီး လေးဆယ့်ခြောက်သိန်း ငါးသောင်းငါးထောင် လေးဆယ့်ခုနှစ်ကျပ်ဈေးကို ရောက်ရှိနေကာ အရင် ဆွဲတင်ခဲ့တဲ့ ရည်ညွှန်းဈေးကနေ ကျပ် နှစ်သိန်းတသောင်းခွဲကျော် ပြန်လည်လျှော့ချ သတ်မှတ်ထားတာကို တွေ့ရပါတယ်။

ပြင်ပ ရွှေဈေးကွက်အတွင်းမှာတော့ အခေါက်ရွှေ တကျပ်သာ ကျပ် ငါးဆယ့်နှစ်သိန်း ရှစ်သောင်းဝန်းကျင် ပေါက်ဈေးရှိနေတယ်လို့ သိရပြီး အမေရိကန်ဒေါ်လာဈေးကတော့ လက်ရှိမှာ တဒေါ်လာ ကျပ် ၄၃၀၀ ဝန်းကျင်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ တရုတ်ဗဟိုဘဏ်ကနေ ရွှေဝယ်ယူမှု ရပ်ဆိုင်းလိုက်တာကြောင့် ပြန်လည် ကျဆင်းနေတယ်လို့ သိရပြီး ဒီကနေ့ ဇွန် ၁၀ ရက် (တနင်္လာနေ့) ဈေးကွက်အဖွင့်မှာတော့ တအောင်စ ၂၂၉၂ ဒေါ်လာကို ရောက်ရှိနေကာ ပြီးခဲ့တဲ့ ရက်သတ္တပတ် ဇွန် ၃ ရက်နေ့ ဈေးကွက်အဖွင့်မှာတော့ ၂၃၂၈ ဒေါ်လာ ရှိခဲ့တာ ဖြစ်ပါတယ်။

Photo:CJ

#voiceofmyanmar #VOM #ရွှေဈေးကွက် #အစစ်ဆေးကြမ်း

Related posts

Leave a Comment

VOM News

FREE
VIEW