မှော်ဘီဗိုလ်သင်တန်းကျောင်း အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရ၊ နစကလုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုရှိ

 

ဇွန် ၂၁ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း မနေ့ ဇွန် ၂၀ ရက်၊ ည ၇ နာရီဝန်းကျင်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး နစက လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ညက အသံအကျယ်ကြီး နှစ်ချက် ကြားလိုက်ရတယ်။ နစကဘက်ကလူတွေ တော်တော်များများ ထိကုန်တယ်လို့လည်း ပြောကြတယ်။ လူနာတင်ကားတွေလည်း သွားတာတွေ့တယ်။ ရန်ကုန်ဘက်ကလာတဲ့ ကားတွေကိုလည်း မှော်ဘီ တိုးဂိတ်အကျော်မှာ တားပြီး စစ်ဆေးနေတာတွေလည်း လုပ်ကြတယ်။ ဒီမနက်ကတော့ အေးအေးဆေးဆေးပါပဲ။ စစ်သင်တန်းကျောင်းမှာရော၊ အဲဒီနားတဝိုက်မှာရော ထူးခြားတာမျိုး မတွေ့ခဲ့ရဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီ ဖောက်ခွဲတိုက်ခိုက်မှုကို Operation Flame (OF) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ အဲဒီ့အဖွဲ့က ဒီကနေ့ ဇွန် ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပြီး စစ်ဆင်ရေး အရှိန်မြှင့်တင်သွားမယ်လို့လည်း ကြေညာထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နစကဘက်က အသိပေးချက် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Operation Flame (OF) အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်ကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ကမ်းနားလမ်းရှိ နစကတပ်စွဲထားတဲ့ အမှတ် (၁) သစ်စက်ဝင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဲဒီလိုပဲ ဇန်နဝါရီ ၂ ရက်နေ့ကလည်း ဒဂုံမြို့သစ်တောင်ပိုင်း၊ တောင်-မြောက်လမ်းဆုံရှိ တောင်ဒဂုံမြို့မရဲစခန်းနဲ့ (၂၅) အားကစားရုံမှ စစ်ဆေးဖို့ထွက်လာတဲ့ နစကတပ် ကားတွေကို ချိန်ကိုက်မိုင်းတွေ အသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #မှော်ဘီ #ဗိုလ်သင်တန်းကျောင်း #အဝေးထိန်းမိုင်း #ဖောက်ခွဲ #တိုက်ခိုက်ခံရ #ထိခိုက်မှုရှိ

Related posts

Leave a Comment

VOM News

FREE
VIEW