နမ့်ခမ်း အမှတ် ၂ စျေးကို တရုတ်စျေးသစ် စီမံကိန်းအတွက် TNLA က ဆိုင်ခန်းတွေဖျက်နေ

 

ဇွန် ၂၃၊၂၀၂၄
Shy V ‘VOM)

နမ့်ခမ်းမြို့၊ အောင်မေတ္တာ ရပ်ကွက်ရှိ အမှတ် ၂ ဈေးကို TNLA က တရုတ်ဈေးသစ် စီမံကိန်းချထားပြီး ဒေသခံ ဆိုင်ရှင်တွေ သဘောတူညီချက် မရရှိပဲ တရုတ်ဈေးသစ် လုပ်ဖို့ ဆိုင်ခန်းတွေ ဖျက်နေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ်။ ဆိုင်ခန်းတွေ ဖျက် နေပြီ။ ကျွန်မတို့ကိုတော့ လာဖျက်မယ်ဆိုတာ ဘာမှ လာ‌မပြောဘူး။ ဒီနေ့တော့ဆိုင်က ခင်းပြီးပြီလေ။ ဖျက်‌တာ ဆိုင်ခန်းနားဝောာ့ ရောက်‌လာ နေပြီ။ သူတို့ လာဖျက်သွား မလား မသိဘူး။ မနက်ဖြန်တော့ ဆိုင်ခန်း ပြောင်းဖွင့် ပြီနော်။ ဟိုဘက် လမ်းကြားထဲ” လို့ ဆိုင်ရောင်းနေတဲ့ ဆိုင်ရှင် တယောက်က လက်ညိုး ထိုး ညွှန်ပြပါတယ်။

ဆိုင်ရှင်တွေကို နစ်နာကြေးနဲ့ ပတ်သက်ပြီး ဘာမှ ပြောပြတာ မရှိသလို ဝေးသစ်တောက်ပြီးရင်လည်း ကိုယ့်ဆိုင်ခန်းကို ပြန်ယူလို့ရမလား၊ တန်ရာတန်ကြေးပေးပြီးပဲ ဝယ်ရမလားဆိုတာတော့ မသိဘူးလို့ သူက ပြောပါတယ်။

“ဆိုင်ခန်းတွေက စဖျက်နေပြီ။ နစ်နာကြေးနဲ့ ပတ်သက်ပြီး ဘာမှ ပြောတာ မရှိဘူး။ ဆိုင်ခန်းကတော့ ပိုက်ဆံပေးပြီး ပြန်ဝယ်ရမှာပေါ့။ ဈေးသစ်ဆောက်တာတော့ မပြောလိုပါဘူး။ မူလ ပိုင်ရှင်တွေက ကိုယ့် နေရာကို ကိုယ် ပြန်လိုချင်တာပေါ့။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

အဲဒီ အောင်မေတ္တာ အမှတ် ၂ ဈေးကို တရုတ်ခရိုနီ ကုမ္ပဏီတွေနဲ့ TNLA က နှစ်ထပ် ခေတ်မီ ကုန်ဈေးတိုက်သစ်ကြီး ဆောက်သွားမှာဖြစ်ပြီး တရုတ်ယွမ်ငွေ သိန်း ၁၀၀ ကျော် အသုံးပြုသွားမယ်လို့ သိရပြီး ဈေး အသစ်ဆောက်လုပ်ပြီးရင် မူလနေရာတွေမှာ မူလပိုင်ရှင်တွေ ပြန်လည်ရရှိမှာ မဟုတ်ပဲ တရုတ်ငွေနဲ့ ပြန်လည်ဝယ်ယူရမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

“သူတို့က မင်္ဂလာ မူဆယ် ပုံစံ လုပ်သွားမယ်တဲ့။ ၂ ထပ်တိုက်။ ဇွန် ၁၃ ရက်နေ့က အစည်းဝေး ခေါ် လုပ်တာ ရှိတယ်။ အဲဒီမှာ ဆိုင်ရှင် နဲ့ ဥက္ကတွေ မပါဘူး။ ဘေးဘက်တွေက ဆိုင်ခန်းတွေတော့ အမြဲတမ်း ပုံမှန်ဖွင့်နေတဲ့ ဆိုင်ခန်းတွေဖြစ်တယ်” လို့ ဒေသခံ အမျိုး သမီး တယောက်က ပြောပါတယ်။

အဲဒီ ဝေးသစ် စီမံကိန်းမှာ စုစုပေါင်း တရုတ်ယွမ် ၁၆ သန်း သုံးမှာ ဖြစ်ပြီး ပထမ အကြိမ်က ၁၀ သန်း၊ ဒုတိယ အသုတ်က ၆ သန်း တရုတ်က TNLA ကိုသွင်းရမှာလို့ သိရကြောင်း သူက ပြောပါတယ်။

နမ့်ခမ်းမြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကစ TNLA က သိမ်းပိုက် ထိန်းချုပ်ထားပြီး လက်ရှိ TNLA က အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

Photo: Shy V

#voiceofmyanmar #VOM #နမ့်ခမ်း #တရုတ်ဈေးသစ် #ဆိုင်ခန်း​ဖျက်

Related posts

Leave a Comment

VOM News

FREE
VIEW