မတ် ၁၄ – ၂၀၂၅
SS (VOM)
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးရှိ နစကရဲ့ ညောင်ကျိုးစခန်းကို AA ပူးပေါင်းတပ်တွေက မနေ့ မတ် ၁၃ ရက်နေ့မှာထိန်းချုပ်ထားတယ်လို့ ဒေသခံတွေနဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ညောင်ကျိုးစခန်းကို ရရှိဖို့အတွက် AA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“နစကတပ်တွေက မတ်လ ၁၁ ရက်နေ့ကတည်းကစပြီး အဲဒီစခန်းကနေ ဆုတ်ခွာနေကြတာ။ မနေ့ (မတ် ၁၃ ရက်) က မနက်ပိုင်း၊ ၉ နာရီလောက်မှာတော့ နစကတပ်တွေ အကုန်လုံး ဆုတ်သွားတယ်လို့တော့ သိရတယ်။ အခုတော့ အဲဒီအနားက ချင်းကုန်းစခန်းမှာ တိုက်ပွဲဆက်ပြီး ပြင်းထန်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ညောင်ကျိုးစခန်းဟာ နစကရဲ့ ကာကွယ်ရေး ပစ္စည်းထုတ်စက်ရုံ (ကပစ – ၆) တည်ရှိတဲ့ ညောင်ခြေထောက်ကျေးရွာနဲ့ ၁၁ မိုင်ခန့်သာ ကွာဝေးတာကြောင့် တိုက်ပွဲတွေဟာ ကပစ – ၆ ကို ဦးတည်လာနိုင်တဲ့အတွက် ပိုမို ပြင်းထန်လာနိုင်ခြေ ရှိနေတယ်လို့ သူက ပြောပါတယ်။
ဥသျှစ်ပင်မြို့နယ်မှာ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံတွေဖြစ်တဲ့ ကပစ – ၅၊ ကပစ – ၆၊ ကပစ – ၉ နဲ့ ကပစ – ၁၆ တို့ တည်ရှိနေပြီး နစကအတွက် အရေးပါတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ညောင်ကျိုး ပင်မစခန်းက နစကတပ်ဖွဲ့ဝင်တွေဟာ တောင်ကုတ် – ပန်းတောင်းလမ်းအတိုင်း ဆုတ်ခွာသွားပြီး ညောင်ခြေထောက်စခန်းမှာ သွားရောက် ပူးပေါင်းနေကြတယ်လို့ သူက ပြောပါတယ်။
လက်ရှိ ညောင်ကျိုးစခန်း အခြေအနေနဲ့ ပတ်သက်လို့ နစကဘက်ကရော AA ဘက်ကပါ တရားဝင် သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
AA က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ထိစပ်လျက်ရှိတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှ မိုးထိတောင်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဒုတိယမြောက်အဖြစ် ညောင်ကျိုးစခန်းကို ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။
Photo – CJ