မြင်းခြံမှာ လူနာပို့တဲ့ လူမှုရေးကားပစ်ခံရပြီး ဆရာတော်တပါးပျံလွန်တော်မူ

 

ဇွန် ၂၃ – ၂၀၂၄
GG (VOM)

မြင်းမြို့နယ်မှာ ၊ လူနာလိုက်ပို့တဲ့ လူမှုရေးအသင်းကားပစ်ခတ်ခံရပြီး ကားပေါ်ပါတဲ့ ဆခမကျေးရွာက ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူသွားခဲ့ရတယ်လို့သိရပါတယ်။

ဖြစ်စဥ်က ဇွန်လ ၂၂ ရက်နေ့ ည၉ နာရီခွဲလောက်မှာ လူမှုကူညီရေးအသင်းကားဟာ လူနာပို့ပြီး ပြန်အလာ မြင်းခြံမြို့အထွက်မှာ ပစ်ခတ်ခံရတာဖြစ်ကြောင်း ၊ အဆိုပါပစ်ခတ်မှုကြောင့် ကားရှေ့ခေါင်းခန်းမှာထိုင်နေတဲ့ ဆရာတော်ကနေရာမှာပဲ ပျံလွန်တော်မူခဲ့ပြီး ယာဥ်မောင်းကထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မြင်းခြံမြို့လူမှုကူညီရေးအဖွဲ့ဝင်တယောက်က “ညက မြင်းခြံမြို့အရှေ့ဘက်အထွက်မှာ အပစ်ခံရတာ၊အဲ့နားကလူတွေလည်းပြောတယ် သေနတ်သံတွေကြားရတယ်ပေါ့။ဆရာတော်ကပျံလွန်တော်မူသွားတယ်၊ဆခမရွာကျောင်းကပါ၊ပစ်ခတ်မှုဖြစ်တာက သတ်မှတ်ချိန် ၁၀ နာရီမထိုးခင်ဖြစ်တာ၊၉ နာရီခွဲလောက်ပေါ့၊ခုလိုလူမှုရေးကားတွေပစ်ခံရတာတကယ်လုပ်ကိုင်နေသူတွေအတွက် အခက်အခဲတွေဖြစ်ပါတယ်။ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် လူမှုရေးကားတွေကိုတော့ ခွင့်ပြုပေးသင့်တယ်၊ပြည်သူ့ကျန်းမာရေးအတွက် လုပ်ဆောင်နေတဲ့လုပ်ငန်းပါ၊အားလုံးအဆင်ပြေပြေနဲ့ပဲဖြစ်ချင်ပါတယ် ” လို့မှတ်ချက်ပြုပြောပါတယ်။

ပစ်ခတ်မှုအတွင်းပျံလွန်တော်မူခဲ့ရတဲ့ ဆရာတော်က ဆခမဘုန်းကြီးကျောင်းကကျောင်းထိုင်ဆရာတော်ဖြစ်ပြီး လူနာလမ်းကြောင်ူရှိပါက အခုလိုကားနဲ့လိုက်ပါလေ့ရှိကြောင်း ၊ သက်တော်က ၄၉ နှစ်၊ဝါတော် ၁၀ ဝါရှိတယ်လို့သိရပါတယ်။

မြင်းခြံမြို့နယ်မှာ ည ၁၀ နာရီအထိသွားလာခွင့်ပြုထားပြီး လူမှုကူညီရေးကားတွေဟာ ၁၀ နာရီမတိုင်ခင် ကူညီရေးလုပ်ငန်း၊လူနာလမ်းကြောင်းကိုသွားလာကြပြီး ည ၁၀ နာရီကျော်ပါက လူနာလမ်းကြောင်းကို ဒေသခံလူမှုကူညီရေးအသင်းတွေက သွားလာမှုမရှိဘူးလို့သိရပါတယ်။

အဆိုပါ လူနာတင်ကားပစ်ခတ်မှုနဲ့ပတ်သက်ပြီး နယ်မြေခံ PDF ဖြစ်တဲ့ Myingyan Black Tiger အဖွဲ့အနေနဲ့ပြုလုပ်ခဲ့တာမဟုတ်ကြောင်း၊ ခုရက်ပိုင်းစစ်ရေးလှုပ်ရှားမှုမရှိတဲ့အတွက် အဖွဲ့ကို စွပ်စွဲသူတွေကို လိုက်လံစုံစမ်းပြီး အရေးယူသွားမှာဖြစ်တယ်လို့ သူတို့ရဲ့လူမှုကွန်ယက်စာမျက်နာကနေထုတ်ပြန်ထားတာတွေ့ရပါတယ်။

မတ်လ ၂၇ ရက်နေ့ညကလည်း
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ ကမာဆိုင်ရွာအနီးမှာ လူနာသယ်ဆောင်လာတဲ့ အကြင်နာတွဲလက် လူမှုရေးအသင်းရဲ့ လူနာတင်ယာဥ်တစ်စီးပစ်ခတ်ခံခဲ့ရပြီး ကားပေါ်ပါသူတွေထဲက နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

#vom#Voiceofmyanmar#မြင်းခြံ#ဆခမ#လူနာတင်ကားပစ်ခတ်ရ#ဆရာတော်ပျံလွန်တော်မူ#

Related posts

Leave a Comment

VOM News

FREE
VIEW