တောင်ကိုရီးယားမှာ လစ်သီယံဘက်ထရီစက်ရုံ ပေါက်ကွဲမီးလောင်မှု ၁၆ ယောက်သေပြီး ငါးယောက် ပျောက်ဆုံးနေ

 

ဆိုးလ်၊ ဇွန်-၂၄-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားနိုင်ငံရှိ လစ်သီယမ်ဘက်ထရီစက်ရုံတရုံမှာ ဒီနေ့ ဇွန် ၂၄ ရက်ကဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် လူ ၁၆ ယောက်သေဆုံးပြီး ငါးယောက်ပျောက်ဆုံးနေပါတယ်။

ဆိုးလ်မြို့တောင်ဘက် ဟွာဆောင်ရှိ အာရီဆဲလ် ဘက်ထရီကုမ္ပဏီပိုင် စက်ရုံမှာ လောင်ကျွမ်းခဲ့တဲ့မီးကို မနက် ၁၀ နာရီ မိနစ် ၃၀ မှာ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အလုံးရေ သုံးသောင်းငါးထောင်ရှိတဲ့ ဂိုထောင်ထဲက ဘက်ထရီတွေ ဆက်တိုက်ပေါက်ကွဲပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

ဒါပေမယ့် ပေါက်ကွဲမှုစတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စက်ရုံအတွင်းကနေ အလောင်း ၂၀ တွေ့တယ်လို့ ယွန်ဟတ်သတင်းဌာနက အစောပိုင်းမှာ ဖော်ပြခဲ့ပေမယ့် လူ ၁၆ ယောက်သေပြီး နှစ်ယောက်ဒဏ်ရာရထားတယ်လို့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကယ်ဆယ်ရေးသမားတွေကတော့ ပျောက်ဆုံးနေတဲ့ လူငါးယောက်ကို အပူတပြင်း ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ အာရီဆဲလ်ကုမ္ပဏီဟာ အာရုံခံကိရိယာတွေ ၊ ရေဒီယိုဆက်သွယ်ရေးကိရိယာတွေအတွက် လစ်သီယမ်ဘက်ထရီတွေ ထုတ်လုပ်နေတာဖြစ်ပါတယ်။

ဒီစက်ရုံမှာတော့ ဝန်ထမ်း ၄၈ ယောက်ထိရှိတယ်လို့ စာရင်းတွေအရ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားပြီးနောက် ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာလည်း ၂၂ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ သိရပါတယ်။

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #တောင်ကိုရီးယား #လစ်သီယမ်ဘက်ထရီစက်ရုံ #မီးလောင်မှု #၁၆ယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW