သံတွဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကမ်းခြေကျေးရွာအားလုံး အရေးပေါ်စစ်ဘေးရှောင်ရ

 

ဇွန် ၂၄ – ၂၀၂၄
GG (VOM)

ငပလီကမ်းခြေမှာရှိတဲ့ သံတွဲလေဆိပ်ခေါ် (ငပလီ လေဆိပ်) ကို AA က မနေ့က ဇွန်လ ၂၃ ရက်နေ့ညနေပိုင်းမှာ ထိန်းချုပ်လိုက်ကြောင်း သတင်းတွေထွက်ပေါ်ပြီးနောက် တိုက်ပွဲတွေဆက်လက်ပြင်းထန်နေလို့ ကမ်းခြေကျေးရွာအားလုံး အရေးပေါ်စစ်ရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

” AA က မနေ့ကပဲ အကုန်သိမ်းလိုက်တယ်၊ အဲဒီတကြောအကုန်သိမ်းလိုက်တယ်၊ အဲဒီကရဲတွေ ဝန်ထမ်းတွေရော ဖမ်းလိုက်တယ်လို့သိရတယ်။လေဆိပ်မှာက ခလရ ၅၅ တပ် ၊ခမရ ၅၆၆ တပ်တွေလည်းရှိတယ်၊ဒါကိုမှ AA က ဝိုင်းပြီးတော့ လေဆိပ်ကိုတိုက်လိုက်တာ၊ လေဆိပ်က သံတွဲလေဆိပ်လို့ခေါ်တယ် ရှိတာကငပလီမှာရှိတာ၊သံတွဲနဲ့ငပလီမှာဒီလေဆိပ်တခုပဲရှိတယ်၊လေဆိပ်ကလည်းခရီးသည်လေယာဥ်တွေပိတ် ထားပြီး သူတို့စစ်တပ်ကပဲအတက်အဆင်းလုပ်နေတာပါ၊ အခုတိုက်ပွဲတွေက ရခိုင်မြောက်ပိုင်းပဲတင်မကတော့ဘူး တောင်ပိုင်းအထိပါဖြစ်လာပြီးပြည်နယ်တခုလုံးဖြစ်နေပြီ ” လို့ ငပလီဒေသခံတယောက်ကပြောပါတယ်။

သံတွဲမြို့နယ်အတွင်းတိုက်ပွဲကနေ ငပလီကမ်းခြေ ဂေါ့ကျေးရွာအထိတိုက်ပွဲတွေကူးစက်ကာ ပြင်းထန်လာပြီးနောက်မှာ AA က သံတွဲလေဆိပ်ကိုထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။

ငပလီဒေသမှာ ဇွန်လ ၃ ရက်ကစပြီး AA နဲ့ နစကတပ်တွေ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ ဒေသခံတချို့တဝက်သာစစ်ရှောင်မှုရှိခဲ့ပေမယ့်မယ် လက်ရှိ လေဆိပ်ကိုထိန်းချုပ်လိုက်ချိန်မှာတော့ငပလီကမ်းခြေအနီး တိုက်ပွဲတွေပိုပြီးပြင်းထန်လာနိုင်တာကြောင့် ကျေးရွာအားလုံးကဒေသခံတွေ အရေးပေါ်စစ်ရှောင်နေကြပြီဖြစ်တယ်လို့သိရပါတယ်။

“အစတုန်းကတော့ ရှောင်တဲ့လူကတဝက် မရှောင်သူကတဝက်ပေါ့အခုတော့အကုန်လုံးပြေးရပါပြီ၊ အခုက လူအသေအပျောက်တွေလည်းအရမ်းများတယ် ငပလီက ကျေးရွာအကုန်လုံးစစ်ရှောင်နေရပါပြီ၊စစ်ရှောင်တာအရင်က ရန်ကုန်သွားလို့ရတယ် အုပ်ကြီးထောက်ခံစာတွေနဲ့ပေါ့၊အခုကျတော့အကုန်လုံးသူတို့ပါပြေးရတာတော့ အဆင်မပြေတော့ဘူး၊ အိုးပစ်အိမ်ပစ် အရေးပေါ်စစ်ရှောင်ကြရတာ ဘာပစ္စည်းမှလည်းမယူနိုင်ဘူး၊ ရွေတို ငွေစနဲ့အဝတ်တထည်ကိုယ်တခုပဲ ပြေးနေရတာ ၊ထွက်လို့ရတာနဲ့ ထွက်ကြပြေးကြတာပဲ “လို့ သူကထပ်မံပြောပါတယ်။

သံတွဲနဲ့ငပလီကမ်းခြေမှာဖြစ်တဲ့တိုက်ပွဲကြောင့် ကမ်းခြေရှိဟိုတယ်၊မိုတယ်အားလုံးက သကြင်္န်ကျော်ကတည်းက ပိတ်ထားတာဖြစ်ပြီး မေလပထမပတ်မှာ နစကမှ သံတွဲလေဆိပ်ကိုပါ ထပ်မံပိတ်လိုက်တဲ့အတွက် သံတွဲနဲ့ငပလီကမ်းခြေကို ဂွ-ဧရာဝတီလမ်းကြောင်းကသာထောက်ခံစာနဲ့သွားလာခဲ့ရပြီး ခရီးသွားဧည့်သည်ကတော့ လုံးဝဝင်ရောက်မှုမရှိတော့တာ လက်ရှိအထိဖြစ်တယ်လို့သိရပါတယ်။

တိုက်ပွဲကြောင့် ဟိုတယ်တွေပိတ်လိုက်ရတဲ့အတွက် ငပလီကမ်းခြေကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ငပလီက ဟိုတယ်ဝန်ထမ်းတွေ ဒုက္ခရောက်ရသလို ဒေသခံပြည်သူတွေ၊ ငါးဖမ်းလုပ်လုပ်ကိုင်သူ အားလုံးဒုက္ခရောက်ခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါဒုက္ခအပြင် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ရမှုတွေပါလုပ်နေရကာ ဒေသခံတွေစစ်ရှောင်နေချိန် နေအိမ်ဖောက်ထွင်းခံရပြီး ပစ္စည်းတွေခိုးယူခံရတာတွေပါရှိနေတယ်လို့သိရပါတယ်။

“ဒေသခံတွေအကုန်ဒုက္ခရောက်ရပြီ၊ဒီကအကုန်လုံး ဒီကမ်းခြေကိုအမှီပြုပြီး လုပ်ကိုင်စားသောက်ကြရတာ၊ငါးဖမ်းတယ်၊ ခရီးသွားလုပ်ငန်းအမှီပြုရတယ်၊ အခုတော့ဟိုတယ်တွေလည်းအကုန်ပိတ်၊အလုပ်သမားတွေအကုန်ဒုက္ခရောက်ရတယ်။အခုတော့ တသက်နဲ့တကိုယ်တခါမှမဖြစ်ဘူး အိုးပစ်အိမ်ပစ်ပြေးနေရတယ်။ အဓိကလေကြောင်းကိုကြောက်လို့ပြေးကြတာ၊ခုကဘယ်လောက်ကြာမယ် ဘယ်အတိုင်းတာရှိမယ် မပြောနိုင်တော့ဘူး၊ ဘယ်တော့အိမ်ပြန်ရမလဲ မပြောတတ်တော့ဘူး။စစ်ရှောင်လို့အိမ်ထားခဲ့ရပါတယ်ဆို အိမ်ကိုဖောက်ပြီးရောင်းလို့ရတဲ့ပစ္စည်းတွေယူသွားသူတွေရှိလာတယ်၊အိမ်စောင့်လဲမရှိတော့ အိမ်တွေအဖောက်ခံနေရတာ “လို့ ငပလီကမ်းခြေကနေ စစ်ရှောင်နေရသူတယောက်ကပြောပါတယ်။

သံတွဲ နဲ့ ငပလီဒေသ တိုက်ပွဲအကြားမှာ အရပ်သားဒေသခံတွေသေဆုံးမှုများပြားခဲ့သလို ထိခိုက်ဒဏ်ရာ ရရှိသူနဲ့နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ သံတွဲနဲ့ငပလီကို သံတွဲ – တောင်ကုတ်- ပြည် လမ်းကသွားလာခွင့်မရသလို လေကြောင်းကနေလည်းသွားလာမရသလို သံတွဲ – ဂွ- ငါးသိုင်းချောင်းလမ်းကြောင်းကနေလည်း လတ်တလောသွားလာဖို့အဆင်မပြေတော့တာကြောင့် ဒေသခံတွေဟာ အနီးက ဂွမြို့နဲ့ကျိန္တလီကိုသာ အဓိကသွားပြီးစစ်ဘေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #သံတွဲလေဆိပ် #ငပလီလေဆိပ် #AA#စစ်ရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW