သီပေါ၊ ကျောက်မဲ မြို့ အဝင်၊ အထွက် ပိတ်ထားလို့ ဒေသခံတွေ အခက်ကြုံ ၊ နောင်ချိုမှာလည်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေ

 

ဇွန် ၂၆၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ အနီး တိုက်ပွဲဖြစ်ပြီး သီပေါ၊ ကျောက်မဲ မြို့ အဝင်၊ အထွက် ပိတ်ထားလို့ ပြည်သူတွေ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မနေ့ညနေက သီပေါ တံတားနားပစ်နေတာ။ သီပေါမြို့အနီး ဆွတ်လန်းရွာမှာလည်း နေအိမ် တအိမ် မီးလောင်နေတာ။ ပစ်ခတ်သံတွေတော့ ကြားနေရဆဲ။ မြို့ အဝင်အထွက် ပိတ်လိုက်တယ်။ မနေ့ နေ့လယ် ကတည်းက။ လမ်းတွေရော ပိတ်တာ။ တမြို့လုံး တိတ်ဆိတ် နေတာပဲ။” လို့ သီပေါ မြို့ခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ဆွတ်လန်းနားက တံတား အသေးလေးကျိုးသွားပြီး ကားတွေက အပေါ်တက်လည်း မရ၊ အောက်ဆင်းလည်းမရ အကုန် ပိတ်မိကုန်ပြီလို့ သူက ပြောပါတယ်။

“သီပေါ တံတားနားက ပစ်နေတုန်းပဲ။ မြို့ပြင်ဘက်အလုပ်လုပ်တဲ့ သူတွေရော မြို့ထဲ ပိတ်မိတဲ့ သူတွေရော ဒီနေ့မှ ပြန်ကြတာ” လို့ ဒေသခံတယောက်ကလည်း ပြောပါတယ်။

ကျောင်းတက်တဲ့ကလေးတွေကလည်း မနေ့က မြို့ထဲဘက် ပိတ်မိကာ တံတားလည်း ကျိုးသွားတော့ အန္တရာယ်ရှိ ပေမယ့် လှေနဲ့ ကူးပြီးကြရသလို ကျိုးသွားတဲ့ တံတားကနေလည်း ခက်ခက်ခဲခဲ ကူးကြရတာ လို့ဆိုပါတယ်။

သီပေါ အနီးက ဆွတ်လန်းရွာရှိ တံတားကို ယမန်နေ့ မနက်ပိုင်းက မိုင်းခွဲ ဖျက်ဆီးခံရလို့ ကျိုးသွားပြီး မန်ဆန်ရေကျတံတားနဲ့ မန်းပွဲတံတားလည်း ကျိုးပြီလို့ သိရကြောင်း ယာဉ်မောင်းတွေဆီက သိရပါတယ်။

ကျောက်မဲမှာလည်း တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်ပြီး ယမန်နေ့က တိုက်ပွဲမှာ ဈေး၊ သီလရှင်ကျောင်းနဲ့ မြို့ထဲက နေအိမ်တွေပါ လက်နက်ကြီးကျည်တွေ ထိမှန် ပျက်စီးသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

“မနေ့ ဇွန်လ ၂၅ ရက်နေ့ညနေ ၅ နာရီခန့်ကကျောက်မဲ တောင်နောက် ဘုန်းကြီးကျောင်းနား မီးလောင်တယ်။ ကျောက်မဲ ဈေး၊ ဆိုင်တန်းတွေ၊ စိုက်မျိုးရေး ပစ္စည်း အရောင်းဆိုင် ရော လက်နက်ကြီးကျည် ထိမှန် ပျက်စီးတယ်။ ဈေးတော့ ခေါင်မိုးတွေ အပေါက် တွေ ဖြစ်ကုန်ပြီ။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ဒီနေ့မှာ မနက်ပိုင်း အရပ်သား ပြည်သူတွေ ကျည်စထိမှန် ဒဏ်ရာရသူ ခုနှစ်ယောက်ထိ ရှိပြီး ယမန်နေ့ ဇွန်လ ၂၅ ရက်နေ့မှာတော့ ကျည်စထိမှန် ဒဏ် ရာရသူ ကိုးယောက်ထက်မနည်း ရှိကာ နှစ်ယောက် သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

ကျောက်မဲမှာ စစ်သားအလောင်းတချို့ ပြန့်ကြဲနေတဲ့ ဗီဒီယိုဖိုင်တွေ့ရပြီး Jammer နဲ့ လက်နက်ကြီးကျည်တွေ TNLA ဘက်က သိမ်းရတဲ့ ဗွီဒီယိုဖိုင်တွေလည်းတွေ့ရကာ နောင်ချိုမှာလည်း လမ်းဘေးမှာ ရပ်ထားတဲ့ တွဲကား ယာဉ်မောင်း တယောက် လက်နက်ကျည် ထိမှန်ထားတာကို လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

နောင်ချိုမြို့မှာတော့ ဒီနေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး မြို့ထဲမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်လာတာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာတော့ အိမ်စီးကားသေး တစီး တိုက်ပွဲ ဖြစ်ပွားနေချိန်နဲ့ တိုးသွားတာကြောင့် ယာဉ်မောင်းကို ကျည်ထိမှန်သွားကာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“နောင်ချိုမြို့ထဲ TNLA တွေ ဝင်လာတာ မှန်တယ်။ ပြည်သူတွေပဲ နေတဲ့ ရပ်ကွက်တွေထဲ လက်နက်ကြီး ၁၅ လုံး လောက်ကျတယ်။ ဘူတာရပ်ကွက်ဘက် လေးလုံးလုံး၊ ဆေးရုံဘေး ၁၀ လုံး လောက်ကျတယ်။ ပြည်သူတွေ ထိတယ်လို့ သိရပေမယ့် အတိအကျ မသိရဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

နောင်ချို ၁၁၄ တပ်စခန်း ယမန်နေ့က အလံဖြူထောင်သွားပြီး ဒီနေ့ ၁၁၅ တပ်စခန်း ထပ်သိမ်းလိုက်တယ်လို့ သတင်းထွက်ပေါ်နေပေမယ့် VOM အနေနဲ့ အတည်ပြုလို့ မရသေးပါဘူး။

ယမန်နေ့က နောင်ချိုမြို့တွင်းထဲ တိမ်းရှောင်လို့မရပဲ ပိတ်မိနေတဲ့ ပြည်သူတွေကို ဒီကနေ့နေ့လယ် ၁၂ နာရီ နောက်ဆုံးထား ထွက်သွားဖို့ ပြောပေမယ့် လမ်းမကြီး ကနေသွားလို့ မရတာကြောင့် ပြည်သူတွေ အနေနဲ့ ရတဲ့ လမ်းကနေ ခက်ခက်ခဲခဲ တိမ်းရှောင်နေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သီပေါက ဒေသခံတွေတော့ တိမ်းရှောင်ရတာမျိုး မရှိသေးပေမယ့် ကျောက်မဲနဲ့ အနီးဝန်းကျင်ရွာက ပြည်သူတွေ တချို့က နောင်ပိန်ဘက် တိမ်းရှောင်ကြပြီး နောင်ချိုနဲ့ အနီး ဝနါးကျင်က ဒေသခံတွေက ကံကြီးဘက် တိမ်းရှောင်ကြကာ ပြည်ထောင်စု လမ်းမ ပေါ်ရှိ သဲခေါ်၊ ရေဝင် စတဲ့ ရွာအပါအဝင် တချို့ ရွာတွေက ဒေသခံပြည်သူတွေကတော့ လယ်တောဘက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရေဝင် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

သီပေါ – ကျောက်မဲ – နောင်ချို – ရေဝင် စတဲ့ လမ်းမကြီးပေါ်မှာ ပိတ်မိနေတဲ့ ခရီးသွားကားတွေနဲ့ ကုန်ကားတွေကတော့ ရောက်တဲ့နေရာ ဘေးကင်းရာရှာပြီး ရပ်ထားကြရသလို ရွာနဲ့ ဝေးတဲ့ နေရာ ရပ်ထားရတဲ့ ကားတွေကတော့ ရေတွေ ခက်ခဲပြီး ရက်ကြာရင် စားစရာပါ ပြတ်သွားနိုင်တယ်လို့ ဆိုပါတယ်။

ကျောက်မဲ၊ နောင်ချိုမြို့အတွင်း လုံခြုံရေးတပ်တွေ မြို့ထဲမရှိချိန် TNLA တွေ ဝင်ရောက်လာတာရှိသလို ဒီနေ့ ဇွန်လ ၂၆ ရက် မနက်ပိုင်းမှာ နောင်ချိုဆေးရုံဝန်းအတွင်း TNLA တွေ ဝင်ရောက်လာ တာကြောင့် စစ်တပ်ဘက်က စစ်ကူ၊ ပစ်ကူ ထပ်ဖြည့်ပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း တပ်နဲ့ နီးစပ်သူတွေ ဆီက သိရပါတယ်။

TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနကတော့ ကျောက်မဲ အမှတ် (၃၅၂) အမြောက်တပ်ကုန်း၊ စခန်းသာ တွေမှာ ဒီမနက် ၆ နာရီ ဝနါးကျင်ခန့်ကစ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး ယမန်နေ့ကတော့ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ စခန်းသာ၊ ခိုရောင်းရွာ၊ နားအိုက်ခန့်ရွာ နဲ့ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာ၊ အုမ္မတီး၊ ခဲမွန်ရွာ၊ ကံ့ကော်ရွာ၊ နောင်ချိုမြို့အတွင်း တွေမှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲ ဖြစ်ပွားနေပြီး မိုးကုတ်မြို့နယ် ရွာသာယာရွာ၊ ပန်းသပြေကျေးရွာ၊ ဖြူရောင်ရွာ၊ အမှိုက်ပုံးနေရာ၊ ဒေါ်နန်းကြည်တောင်နှင့် ၆ မိုင် (မိုးကုတ်နှင့် ပိန်းပြစ်ရွာကြား) တွေမှာလည်း တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #သီပေါ-ကျောက်မဲ #မြို့အဝင်အထွက်ပိတ် #နောင်ချို #တိုက်ပွဲပြင်းထန်

Related posts

Leave a Comment

VOM News

FREE
VIEW