ဂျပန်နိုင်ငံ နေရာအနှံ့အပြားမှာ အပူလှိုင်းဖြတ်နေပြီး တိုကျိုမှာ လူခြောက်ယောက်သေ

 

တိုကျို၊ ဇူလိုင်-၉-၂၀၂၄
မျိုးဆက်(VOM)

ဂျပန်နိုင်ငံ နေရာအနှံ့အပြားမှာ အပူလှိုင်းဖြတ်နေပြီး တိုကျိုမှာ ရှားပါတဲ့ မိုးရာသီအပူလှိုင်းကြောင့် လူခြောက်ယောက်သေဆုံးခဲ့ပြီး အာဏာပိုင်တွေက အပူဒဏ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ယခုသီတင်းပတ်ကုန်ပိုင်းမှာ ရှီဇူအိုကာဒေသဟာ ယခုနှစ်အတွင်း အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကို ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။ မိုးလယ်ကာလမှဖြစ်ပွားတဲ့ ဒီအပူလှိုင်းဟာ ရှားရှားပါးပါဖြစ်ပြီး တောင်ပစိဖိတ်ဒေသရဲ့ အခြေအနေကြောင့်လို့ မိုးလေဝသ တာဝန်ရှိသူတွေက ပြောပါတယ်။

တိုကျိုနဲ့ တောင်ပိုင်း ဝါကာယာမာဒေသမှာ မနေ့က အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း နိုင်ငံရဲ့ဒေသအတော်များများမှာ အပူဒဏ်ကာကွယ်ရေး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး ပြင်ပသွားလာတာတွေရှောင်ကျဉ်ဖို့နဲ့ လေအေးပေးစက်တွေ အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။

မြို့တော်တိုကျိုမှာ စနေနေ့မွန်းလွဲပိုင်းက အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ပူပြင်းခဲ့ပြီး အပူချိန်ကြောင့် လူသုံးယောက်သေဆုံးခဲ့ကာ တနင်္လာနေ့မှာတော့ နောက်ထပ် သုံးယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုက အပူလွန်ကဲမှုကြောင့် တနှစ်က ရာဂဏန်းမျှသာသေဆုံးမှုရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်မှာ ၁၅၀၀ ထိမြင့်တက်ခဲ့ပြီး အပူဒဏ်ကြောင့် သေဆုံးမှု နှစ်စဉ်တိုးမြင့်လာကြောင်း ဂျပန်ဆေးပညာအသင်းက ပြောဆိုသည်။

Ref: AFP
Photo:AFP/Reuters

#Voiceofmyanmar #VOM #ဂျပန် #တိုကျို #အပူလှိုင်း #ခြောက်ယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW