ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၃၆၀ ကျော်ထိ မြင့်တက်လာပြီး ၄၀ ကျော်မှာ ကာလဝမ်းရောဂါတွေ့

 

ဇူလိုင် ၁၁ – ၂၀၂၄
GG (VOM )

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမြင့်တက်နေဆဲဖြစ်ပြီး မနေ့ကဇူလိုင်လ ၁၀ ရက်နေ့မှာပင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၁၁၅ ယောက်တွေ့ရှိခဲ့ရတယ်လို့ နစကသတင်းထုတ်ပြန်မှုအရသိရပါတယ်။

အဆိုပါဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူတွေထဲက ၂၂ ယောက်မှာတော့ ကာလဝမ်းရောဂါပိုး တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဇူလိုင်လ ၃ ရက်ကနေ ၁၀ ရက်အထိဆိုရင်ရန်ကုန်တိုင်းမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၃၆၃ ယောက်အထိရှိပြီး အဲဒီအထဲကမှ ကာလဝမ်းရောဂါဖြစ်သူ အယောက် ၄၀ ကျော်ထိ မြင့်တက်လာပါတယ်။

လက်ရှိမြေပြင်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါက ဗိုလ်တထောင်ခရိုင်ထဲမှာရှိတဲ့ သာကေတမြို့နယ်၊ဒေါပုံမြို့နယ်၊မင်္ဂလာတောင်ညွှန့်၊ဗိုလ်တထောင်မြို့နယ်တွေမှာ တွေ့ရှိနေရတာဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တွေဆီကသိရပါတယ်။

” ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်တဲ့သူတွေကတော့ရှိတုန်းပဲ။အခုဒေါပုံမှာမနေ့ကတင် ငါးယောက်တွေ့တယ်။တခြားသာကေတနဲ့ မင်္ဂလာတောင်ညွှန့်ဘက်တွေမှာလည်း ဖြစ်ပွားသူတွေတွေ့ရတာရှိတယ်။စာရင်းအတိကျကတော့ကျန်းမာရေးဘက်မှာပဲရှိမှာပါ။ထိန်းချုပ်နိုင်အောင်တော့ ကျန်းမာရေး အဖွဲ့တွေနဲ့ရပ်ကွက်တွေထဲလိုက်ပြီး ဆောင်ရွက်ပေးနေပါတယ်။နေ့ည မနားရပါဘူး။ ” လို့ ဒေါပုံအခြေစိုက်လူမှုကူညီရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်။

နစကဘက်ကတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူနဲ့ ကာလဝမ်းရောဂါပိုးတွေ့သူစာရင်းကိုသာထုတ်ပြန်ပြီး ဖြစ်ပွားနေတဲ့မြို့နယ်တွေကိုတော့ ဒေါပုံနဲ့ သာကေတ မြို့ကိုသာ အသိပေးဖော်ပြထားပါတယ်။

ရောဂါကြောင့်သေဆုံးသူတော့မရှိကြောင်းနဲ့ အချို့ကဆေးရုံမှာကုသမှုခံယူနေဆဲရှိသလို သက်သာလို့ ဆေးရုံကဆင်းရသူတွေလည်းရှိတယ်လို့သိရပါတယ်။

ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများလာတဲ့ပတ်သက်ပြီး အထွေထွေရောဂါကုဆရာဝန်ဒေါက်တာကျော်မင်းထွန်းက ” ရန်ကုန်မှာ ဒီရက်ပိုင်းဝမ်းပျက်ဝမ်းလျှောလူနာဦးရေကများလာတယ်။ဆေးခန်းမှာလည်း ဆယ်ယောက်လာရင်ကိုးယောက်ကဝမ်းရောဂါလူနာတွေချည်းပဲ။ကြည့်လိုက်ရင်တော့ ပြင်းထန်အဆင့်တော့မတွေ့ဘူး။တချို့ကျတော့ဝမ်းသွားတဲ့အခြေအနေက နှစ်ရက်သုံးရက်ရှိပြီးမှဆေးခန်းရောက်တယ်။အိမ်မှာစပ်ဆေးတွေသောက်တယ်။ဆေးမြီးတို့သောက်နေကြတယ်။အဲလိုကျရေဓာတ်ဆုံးရှုံးပြီးအားအင်ကုန်ခမ်းသွားတာတွေ့ရတယ်။အရေးပေါ်ဖြစ်နိုင်တဲ့အခြေအနေကိုပြောပြပြီးတော့အရေးပေါ်ဆိုရင် အစိုးရဆေးရုံ၊နီးစပ်ရာဆေးရုံဆေးခန်းကို တွေကိုသွားပြီး အရေးပေါ်လိုအပ်တဲ့ကုသမှုကိုခံယူဖို့မှာကြား ပါတယ်။” လို့ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ဖို့အတွက် ယင်နာတဲ့အစားအစာကို ရှောင်ခြင်း၊လက်ကိုမကြာခဏဆပ်ပြာနဲ့ဆေးခြင်း၊ရေကိုကြိုချက်သောက်ခြင်း၊ယင်ပေါက်ဖွားနိုင်တဲ့နေရာတွေကိုရှင်းလင်းခြင်း၊အစားကိုကျက်အောင်ချက်ပြီးပူပူနွေးနွေးစားသောက်ဖို့လိုအပ်ပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါကနီးစပ်ရာဆေးရုံဆေးခန်းကိုပြသဖို့လိုအပ်တယ်လို့ဆိုပါတယ်။

နစကဘက်ကတော့ လက်ရှိအထိရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကြောင့်သေဆုံးသူမရှိကြောင်းပြောဆိုထားပြီး မြေပြင်လူမှုကူညီရေးအသင်းတွေပြောကြားချက်အရတော့ ဝမ်းလျှောရောဂါဖြစ်ပွားသူတွေထဲက ခြောက်ယောက်ဟာ ရောဂါအခံတွေကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှု ဒဏ်ခံနိုင်ခြင်းမရှိဘဲ သေဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။

ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုကိုထိန်းချုပ်နိုင်ဖို့အတွက်လည်း ရောဂါဖြစ်ပွားတဲ့မြို့နယ်တွေမှာ ကလိုရင်းဆေးမှုန့်ခတ်ခြင်း၊ကျန်းမာရေးအသိပညာပေးခြင်း၊ရောဂါဖြစ်ပွားသူနေအိမ်တွေကိုဆေးဖြန်းခြင်း၊လမ်းဘေးအစားအစာဆိုင်တွေကို ယာယီပိတ်သိမ်းစေခြင်း၊ဆေးခန်းဖွင့်ကာ ကုသပေးမှုတွေလုပ်ဆောင်ပေးနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ကပြောဆိုထား ပါတယ်။

#Voiceofmyanmar #vom #ဗိုလ်တထောင်ခရိုင် #သာကေတ #ဒေါပုံ #မင်္ဂလာတောင်ညွှန့် #ဝမ်းပျက်ဝမ်းလျှော #ဝမ်းရောဂါ

Related posts

Leave a Comment

VOM News

FREE
VIEW