မြစ်ကြီးနားမြို့နယ် ရဲစခန်းအနီးရှိ ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ရိုက်နှက်ခံရလို့ ဒဏ်ရာပြင်းထန်

 

ဇူလိုင် ၁၈ – ၂၀၂၄
SN (VOM)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မြို့နယ်ရဲစခန်းနဲ့ ကိုက် ၃၀၀ ခန့်သာဝေးတဲ့ Moe & Nyein jewellery အမည်ရ လက်ဝတ်ရတနာဆိုင်တဆိုင် ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ရိုက်နှက်ခံရတာကြောင့် ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ဓားနှစ်လက်၊ သေနတ်နှစ်လက် ကိုင်ဆောင်ပြီး ရောက်ရှိလာတဲ့ အမျိုးသားလေးယောက်က ပစ္စည်းလုယူဖို့ ကြိုးပမ်းတာကြောင့် ဆိုင်ရှင်က ပြန်လည် ခုခံခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“အဲဒီလူတွေက ဆိုင်ကယ် နှစ်စီးနဲ့ ရောက်လာတာ။ မျက်နှာမှာလည်း Mask တွေ တပ်ထားတယ်။ ဖြစ်စဉ် ဖြစ်တာကတော့ ဇူလိုင် ၁၆ ရက်နေ့ကပါ။ မနက် ၈ နာရီခွဲ‌လောက်မှာ ဖြစ်တာ။ ဆိုင်ပိုင်ရှင်က ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ နောက်ကနေ သေနတ်နဲ့ထောက်ပြီး ကားသော့တောင်းတာ။ ရွှေထည်ပစ္စည်းတွေက ကားပေါ်မှာ ရှိတာလေ။ ဆိုင်ရှင်က ပြန်ခုခံတော့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကြတာ။ ဘာမှ ကြီးကြီးမားမား ပါမသွားပေမယ့် ဆိုင်ရှင်ရဲ့ကိုယ်မှာ ဝတ်ဆင်ထားတဲ့ လက်ဝတ်လက်စားတော့ ပါသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ဆိုင်ရှင်အမျိုးသားမှာ ဦးခေါင်းပြတ်ရှဒဏ်ရာ၊ နှာခေါင်းရိုးကြိုးတဲ့ ဒဏ်ရာနဲ့ ခန္ဓာကိုယ်တခုကိုယ်လုံး ပြတ်ရှဒဏ်ရာတွေ ရရှိခဲ့ပြီး လက်ရှိအချိန်အထိ ဆေးကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ ရွှေမင်းသမီးရွှေဆိုင် ဓားပြတိုက်ခံမှု ဖြစ်ပွားခဲ့ပြီး သေနတ်တွေ ကိုင်ဆောင်ထားတဲ့ အမျိုးသား လေးယောက်က ရွှေထည်ပစ္စည်းတွေကို ဓားပြတိုက် ယူဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနားမြို့နယ် #ရဲစခန်းအနီး #ရွှေဆိုင် #ဓားပြတိုက်ခံရ #ဆိုင်ရှင် #ဒဏ်ရာပြင်းထန်

Related posts

Leave a Comment

VOM News

FREE
VIEW