မြစ်မခမြစ်ရေ မြင့်တက်လာလို့ ကျေးရွာပေါင်း ၁၂၀ ဝန်းကျင် ရေကာတာကျိုးပေါက်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရ

 

ဇူလိုင် ၁၈ – ၂၀၂၄
SN (VOM)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မှာ မြစ်မခမြစ်ရေ မြင့်တက်လာမှုကြောင့် ကျေးရွာပေါင်း ၁၂၀ ဝန်းကျင် ရေကာတာကျိုးပေါက်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်မခမြစ်ရေ တက်လာတာကြောင့် လက်ပံတန်းမြို့နယ်၊ မြင်က၀အုပ်စု၊ တမာကျေးရွာရှိ ရေကာတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့၊ ညနေ ၅ နာရီအချိန်ကတည်းက စိုးရိမ်ရတဲ့အခြေအနေကို ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တာကျိုးသွားရင်တော့ မတွေးရဲစရာပဲ။ အခုလက်ရှိမှာလည်း မြစ်ရေက ထပ်ပြီးတက်နေတယ်။ နောက်ရက်တွေမှာလည်း ဆက်ပြီး တက်နေမယ်ဆို ရေကာတာတွေ တောင့်ခံနိုင်ပါ့မလား စိုးရိမ်နေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိမှာ လက်ပံတန်းမြို့အနောက်ဘက်ရှိ ကျေးရွာ ၂၀ လောက်မှာ ကမ်းပါးတွေစပြိုနေပြီး အဲ့ဒီကျေးရွာတွေကိုကာထားတဲ့ ရေကာတာအထိ ရောက်ရှိနေတဲ့အတွက် တာကျိုးမယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“ရေကာတာ မကျိုးပေါက်ဖို့အတွက် သဲအိတ်တွေ အရေးပေါ်လိုအပ်နေပါတယ်။ ဆည်မြောင်းဘက်ကတော့ အခုထိ လာကြည့်တာမျိုး မရှိသေးဘူး။ တာပေါ်ရေမကျော်ဖို့ ကိုယ်ထူကိုယ်ထပဲ လုပ်နေရကြရတယ်။ မြစ်ရေ စတက်တဲ့အချိန် ဇူလိုင်လဆန်းပိုင်းလောက်ကတည်းက ဒီကိစ္စကို ဌာနဆိုင်ရာကို အသိပေးထားတာမျိုးတော့ ရှိတယ်။ ဒါပေမယ့် ဘတ်ဂျက်မရှိလို့ဆိုပြီး ဆည်မြောင်းဝန်ထမ်းက ရေကာတာကာရင် သဲထည့်အသုံးပြုဖို့ အိတ်ခွံ ၁၀၀၀ လောက်ပဲ လာပေးပြီး ပြန်သွားတယ်။ တာကျိုးရင် အခု ကမ်းပါးစပြိုနေတဲ့ နေရာတွေကတော့ အဆိုးဆုံး အထိနာနိုင်တာပေါ့။ ကျန်တဲ့ ရွာ ၃၀ လောက်ကတော့ သိပ်ပြီး အခြေအနေမဆိုးနိုင်ဘူးလို့ ယူဆရတယ်” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

မြစ်မခမြစ်ဟာ ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်တခုဖြစ်ပြီး လတ်တလောမှာ ဧရာဝတီမြစ်ရေလည်း ဆက်တိုက်ဆိုသလို မြင့်တက်နေတာကြောင့် အဲဒီ မြစ်ရေတွေဟာ မြစ်မခမြစ်အတွင်းကို အရှိန်အဟုန်နဲ့ စီးဝင်နေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် မိုးညိုမြို့နယ်မှာလည်း မြစ်ရေအတက်ကြမ်းနေလို့ ရေကာတာတချို့ ရေကျော်နေပြီး ကြို့ပင်သာအုပ်စု၊ ဘုရားကြီးကုန်း၊ ထိန်ကုန်း၊ တိုက်ကြီးကုန်း၊ တော်တလုပ်၊ မန်ကျည်းကုန်းရွာ၊ ဆုံကုန်းအုပ်စု၊ သံပုရာခုံကျေးရွာ စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၇၀ ကျော် ရေဘေးကြုံနေရတယ်လို့ သိရပါတယ်။

မိုးညိုမြို့နယ်၊ ဆုံကုန်းအုပ်စု၊ သံပုရာခုံကျေးရွာအနီးရှိ ရေကာတာနဲ့ ဖန်ခါးပင်အုပ်စု၊ သာယာကုန်းရွာအနီးရှိ ရေကာတာဟာ ဇူလိုင်လ ၁၆ ရက်နေ့၊ ညနေပိုင်းကစလို့ တာဘောင်ရေကျော်နေတဲ့အတွက် မြေဖို့ခြင်းတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မိုးညိုမြို့နယ်၊ ကျွန်းညိုအုပ်စုထဲက ရွာ ခုနစ်ရွာမှာ ကျွန်းညိုရွာက နောက်မှ‌ရေဝင်တာမို့ တော်ပါသေးတယ်။ ကျန်တဲ့ ခြောက်ရွာက အိမ်တွေမြုပ်လို့ အဆင့်တွေတောင် ထပ်ထိုးပီးနေနေရတာ။ တာအပြင်ဘက်ကရွာတွေဆို ပိုဆိုးတယ်။ နောက်နှစ်ရက်လောက် ရေထပ်တက်ရင်တော့ မလွယ်ဘူး” လို့ သူက ပြောပါတယ်။

ရေကာတာ ကျိုးပေါက်လာနိုင်တဲ့ အန္တရာယ်တွေ ပတ်သက်လို့ ကြိုတင်ကာကွယ်ထားရှိမှုအပိုင်း မေးမြန်းနိုင်ဖို့ VOM အနေနဲ့ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူဆီ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

မြစ်မခမြစ် (ခေါ်) လှိုင်မြစ်ဟာ ပြည်ခရိုင်၊ အင်းမကန်တွေကနေ အခြေခံကာ သာယာဝတီခရိုင် မြို့တွေကို ဖြတ်သန်းစီးဆင်းပြီး သစ်ထုတ်လုပ်ငန်းတွေ၊ ရွာအလိုက် ငါးဖမ်းလုပ်ကွက်တွေ၊ ရေချိုငါးလုပ်ငန်းတွေအတွက် များစွာ အကျိုးဖြစ်ထွန်းပေမယ့် မိုးရာသီမှာတော့ မြစ်ကြောင်းတလျှောက်ရှိ အနိမ့်ပိုင်း မြို့နယ်တွေနဲ့ ကျေးရွာတွေထဲကို ရေဝင်ရောက်တာကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်မခမြစ်ရေ #မြင့်တက် #ကျေးရွာပေါင်း #၁၂၀ဝန်းကျင် #ရေကာတာ #ကျိုးပေါက်နိုင်

Related posts

Leave a Comment

VOM News

FREE
VIEW