အာဇာနည်နေ့မတိုင်ခင် ရန်ကုန်မှာ ယခင်နှစ်တွေထက် လုံခြုံရေးတင်းကြပ်ထား

 

ဇူလိုင် ၁၈ – ၂၀၂၄
SN (VOM)

လာမယ့် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၇၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအတွက် ရန်ကုန်မြို့မှာ ယခင်နှစ်တွေထက် လုံခြုံရေးတင်းကြပ်ထားသလို အခမ်းအနား လာရောက်မယ့်သူတွေကို လက်ကိုင်ဖုန်းနဲ့ ဒရုန်းတွေ မယူလာဖို့ နစက က တားမြစ်ထားပါတယ်။

လက်ရှိမှာ အာဇာနည်နေ့ အခမ်းအနားအတွက် အာဇာနည်ဗိမာန်အပါအ၀င် ၀န်ကြီးများရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အနီးဝန်းကျင်တဝိုက်မှာ ပြီးခဲ့တဲ့နှစ်တွေကနဲ့ မတူဘဲ ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အများအပြား ရောက်ရှိနေပြီး အာဇာနည်ကုန်း ပတ်ဝန်းကျင်မှာလည်း တွေ့မြင်ရတယ်လို့ တက္ကစီယာဥ်မောင်းတယောက်က ပြောပါတယ်။

“ဒီနှစ်ကတော့ အရင်နှစ်တွေနဲ့မတူဘဲ လုံခြုံရေးပိုတင်းကြပ်ထားပုံရတယ်။ နေရာအတော်များများမှာ နစကလုံခြုံရေးအဖွဲ့တွေ အရင်ကထက် ပိုတွေ့နေရတယ်။ ပြည်သူ့ ရင်ပြင်ထဲမှာလည်း နစကလုံခြုံရေးအဖွဲ့တွေ ကားနဲ့ ရောက်နေကြတယ်။ မြေနီကုန်းမှာလည်း လမ်းသွားလမ်းလာတွေကို ဖုန်းတွေစစ်၊ VPN တွေ စစ်နေတာ တွေ့တယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် နစကအနေနဲ့ အာဇာနည်ဗိမာန်အပါအ၀င် ၀န်ကြီးများရုံးနဲ့ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်တို့ကို လာရောက်မယ့် ပြည်သူတွေကို ယူဆောင်ခွင့်မပြုတဲ့ ပစ္စည်းစာရင်း ထုတ်ပြန်ထားပြီး အဲဒီစာရင်းထဲမှာ ဒရုန်းနဲ့ လက်ကိုင်ဖုန်း အပါအ၀င် ပန်းခွေ၊ ပန်းစည်းနဲ့ ပန်းခြင်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ဗီနိုင်းအမျိုးမျိုး၊ ပုလင်း/ဗူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာမှာ အသုံးပြုတဲ့ တုတ်နဲ့ ကော်ပိုက်၊ သံပိုက်တွေနဲ့ ဘောလ်ပင်တို့ပါ၀င်တာကို တွေ့ရပါတယ်။

အဲဒီ နေရာတွေကို လာရောက်သူတွေအားလုံးအနေနဲ့ နှာခေါင်းစည်း (Mask) တွေ တပ်ဆင်ရမှာဖြစ်ပြီး Social Distancing နဲ့အညီ ပူးပေါင်းပါ၀င်ဖို့နဲ့ ကိုဗစ်ဆိုင်ရာ သတိပေးချက်တွေကို လိုက်နာဖို့အပြင် ရောဂါလက္ခဏာတွေဖြစ်ပွားပါက လုံး၀မလာဖို့ကိုလည်း နစက က ပြောဆိုထားပါတယ်။

ဒါအပြင် ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်မှာ ပြုလုပ်မယ့် အာဇာနည်နေ့အခမ်းအနားအတွက် နစက က လမ်းတချို့ပိတ်သွားဖို့ကိုလည်း စီစဉ်ထားပြီး မနက် ၄ နာရီမှ အခမ်းအနားပြီးဆုံးချိန်အထိ အနောက်ရွှေဂုံတိုင်လမ်းကို ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ရွှေဂုံတိုင်လမ်းကို ဓမ္မစေတီ – ရွှေဂုံတိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းကို အနောက်ရွှေဂုံတိုင်လမ်းမှ ဦးထောင်ဘိုလမ်းအထိလည်းကောင်း၊ ဦးဝိစာရလမ်းကို ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ – ဓမ္မစေတီလမ်းဆုံအထိလည်းကောင်း လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အနီးရှိ လမ်းပိုင်းကိုလည်း ဇူလိုင် (၁၉) ရက်၊ မနက် ၅ နာရီမှ ညနေ ၆ နာရီအတွင်း နတ်မောက်လမ်းကို ဝင်္ကဘာလမ်းဆုံမှ ဖိုးစိန်လမ်းဆုံအထိလည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းကို ငါးထပ်ကြီးဘုရားလမ်းဆုံနဲ့ စောမဟာလမ်းဆုံမှလည်းကောင်း၊ ဗိုလ်ချိုလမ်းကို ရွှေကြက်ယက်လမ်းနဲ့ ဆုံရာမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

အလားတူ အလံတင်အခမ်းအနား ကျင်းပမယ့် အတွင်းဝန်ရုံးအနီးရှိ လမ်းတချို့ကိုလည်း ဇူလိုင် ၁၉ ရက်မှာ မနက် ၅ နာရီမှ ညနေ ၆ နာရီအတွင်း သိမ်ဖြူလမ်းကို ဗိုလ်ချုပ်လမ်းဆုံမှ ကုန်သည်လမ်းဆုံအထိလည်းကောင်း၊ အနော်ရထာလမ်းကို ဗိုလ်မြတ်ထွန်းလမ်းဆုံမှလည်းကောင်း၊ မဟာဗန္ဓုလလမ်းကို ပန်းဆိုးတန်းလမ်းဆုံမှလည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းကို ကုန်သည်လမ်းဆုံမှလည်းကောင်း လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ယာဉ်မောင်းတွေအနေနဲ့ အာဇာနည်နေ့ အခမ်းအနားကျင်းပနေစဉ်အတွင်း တခြား သင့်လျော်ရာ လမ်းတွေကနေ မောင်းနှင်သွားလာနိုင်ကြဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က အသိပေး နှိုးဆော်ထားပါတယ်။

#voiceofmyanmar #VOM #အာဇာနည်နေ့ #ရန်ကုန်မြို့ #လုံခြုံရေးတင်းကြပ် #လက်ကိုင်ဖုန်း #ဒရုန်း #မယူဖို့ #တားမြစ်

Related posts

Leave a Comment

VOM News

FREE
VIEW