ပြည်နဲ့အောင်လံမှာ လူ၁၂၀၀၀ ကျော် ရေဘေးသင့်နေရပြီး အကူအညီတွေလိုအပ်နေ

 

ဇူလိုင် ၁၉ – ၂၀၂၄
GG (VOM)

ပြည်မြို့နဲ့ အောင်လံမြို့နယ်မှာ မြစ်ရေတက်လို့ အိမ်ထောင်စု ၃၀၀၀ လောက် ရေနစ်မြုပ်နေပြီးလူပေါင်း ၁၂၀၀၀ ကျော် ရေဘေးသင့်ပြီးအစားအသောက်အပါအဝင်အကူအညီတွေလိုအပ်နေတယ်လို့ ရေဘေးကူညီနေသူတွေဆီကသိရပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း၊ ပြည်မြို့အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေး တလျှောက်ရှိ မြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ခြေများမှ လူဦးရေ (၁၁၀၀၀)ကျော်အား ရေဘေးလွတ်ရာသို့ ရွှေ့ ပြောင်းပေးနေရကြောင်း သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များထံမှ သိရသည်။

ပြည်မြို့မှာ ဇူလိုင်လ ၁၃ ရက်ကစပြီး ဧရာဝတီမြစ်ရေတက်တာကြောင့် မြစ်ကမ်းဘေး တလျှောက်ရှိ နဝင်းရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ ကုန်းသာလင်းကျေးရွာအုပ်စု၊ ဇလုံကျေးရွာအုပ်စု၊ အနောက်လက္ခုပ္ပင်ကျေးရွာအုပ်စု၊ ငါးရွာကျေးရွာအုပ်စု ၊သဲဖြူရွာ စတဲ့ နေအိမ်တွေကို မြစ်ရေဝင်ရောက်နစ်မြုပ်နေတာဖြစ်ပါတယ်။

ရေကြီးနစ်မြုပ် မှုကြောင့် အိမ်ထောင်စု ၂၇၇၉ ခုမှလူဦးရေ ၁၁၃၃၃ ယောက် ရေဘေးသင့်ဒဏ်ခံနေရတာဖြစ်ပြီး လက်ရှိရေဝင်ရောက်နစ်မြုပ်နေတဲ့ နေရာတွေမှာကအခြေခံလူတန်းစားတွေအများဆုံးနေထိုင်ကြတာဖြစ်တဲ့အတွက် ရေဘေးသင့်ချိန်မှာ အစားအသောက်အပါအဝင် သောက်ရေသန့်၊ဆေးဝါး စတဲ့အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့သိရပါတယ်။

” မြစ်ရေတက်ရင် နဝင်းတို့ပြည်သာယာတို့ကအမြဲရေဝင်နေကြရပ်ကွက်တွေဆိုပေမယ့် ခုနှစ်ကရေဝင်ရောက်မှုပိုများပြီးဆိုးတဲ့အခြေအနေပေါ့။ရေဝင်ရောက်တာကလည်းခုထိမကျသေးဘူး။ကမ်းနားဆိုလည်းပန်းခြံထဲတွေအထိတက်တယ်။အဲ့ဘက်ကလက်လုပ်လက်စားနဲ့အခြေခံလူတန်းစားများတော့ခုရေဘေးသင့်တော့ ပိုဒုက္ခရောက်တယ်။ရေသန့်တွေလုံလောက်အောင်ပေးဖို့လိုအပ်တယ်။ဆေးဝါး။နောက်အစားအစာပေါ့။ ” လို့ ရေဘေးကူညီရေးလုပ်ဆောင်နေသူ ပြည်ဒေသခံတယောက်ကပြောပါတယ်။

လက်ရှိမှာ ပြည်မြို့က ရေဘေးသင့်ပြည်သူတွေကို ဘုန်းကြီးကျောင်းတွေနဲ့နီးစပ်ရာဆွေမျိုးတွေအိမ်ကိုပြောင်းရွှေ့ပေးထားသလို နေအိမ်မှာပဲနေထိုင်နေသူတွေလည်းရှိတယ်လို့သိရပါတယ်။

အလားတူ ပြည်မြို့နယ်နဲ့နယ်နမိတ်ချင်းထိစပ်နေတဲ့ မကွေးတိုင်း၊အောင်လံမြို့နယ်က ကွမ်းလောင်းရွာမှာ မြစ်ကမ်းဘေးတလျှောက်ကနေအိမ်၂၀၀ ကျော်လောက်ရေနစ်မြုပ်ခံနေရပြီး ရေဘေးသင့်ဒဏ်ခံစားနေ ရပြီးအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

” ကွမ်းလောင်းရွာမှာ ရေကွမ်းလောင်းဘက်နဲ့ ကုန်းကွမ်းလောင်းဆိုပြီးရှိတာပေါ့။ ခုကမြစ်ကမ်းဘေးကရေကွမ်းလောင်းဘက်မှာမစ်နေတာ။အိမ်တွေလုံးလုံးမြုပ်တာရှိပြီးအခြေအနေဆိုးနေတာပေါ့။အကူအညီတွေကတော့ရသလောက်ကို လုပ်ပေးနေတယ်။အလှူရှင်တွေလှူတာရောမြို့နယ်တာဝန်ရှိသူတွေရောစီစဥ်နေတယ်။အကူအညီအပြည့်အဝပေးနိုင်ဖို့တော့ လိုအပ်နေသေးတယ်။သူကရေလုံးလုံးနစ်တဲ့အိမ်တွေရှိတယ် ။ ” လို့ အောင်လံမြို့နယ် ရေဘေးသင့်ကူညီနေသူတယောက်ကပြောပါတယ်။

ရေကွမ်းလောင်းရွာက ရေဘေးသင့်ပြည်သူ ၈၀၀ ကျော်ရှိပြီး အိမ်လုံးလုံးရေနစ်မြုပ်သွားသူတွေကတော့ ကုန်းအမြင့်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ယာယီနေထိုင်ကြပြီး အိမ်အပေါ်ထပ်နေထိုင်ရသေးတဲ့သူတွေကတော့ နေအိမ်မှာပဲ နေထိုင်သူတွေလည်းရှိနေတယ်လို့သိရပါတယ်။

ဘုန်းကြီး ကျောင်းတွေနဲ့နီးစပ်ရာအိမ်တွေ မှာနေထိုင်သူတွေကိုတော့ထမင်းဗူးတွေအပြင် ချက်ပြုတ်စားသောက်ဖို့ ဆန်လှူဒါန်းတာရှိသလို နေအိမ်ကျန်သူတွေကိုတော့ အသင့်စားထမင်းဗူးနဲ့ရေသန့်တွေလှူဒါန်းပေးနေပေမယ့်အကူအညီတွေလိုအပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

လက်ရှိပြည်မြို့မှာ ဧရာဝတီ မြစ်ရေက စိုးရိမ်ရေမှတ်ထက် ၁ ပေခန့်မြင့်တက်နေဆဲဖြစ်သလို အောင်လံမှာလည်း မြစ်ရေကစိုးရိမ်ရေမှတ်ထက် ၁ ပေခွဲခန့်မြင့်တက်နေဆဲဖြစ်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။

#Voiceofmyanmar #vom #ပြည် #အောင်လံ #မြစ်ရေတက် #အိမ်ထောင်စု၃၀၀၀ #ရေဘေးသင့်

Related posts

Leave a Comment

VOM News

FREE
VIEW