ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်နဲ့ ကလေးမြို့တွေမှာ နှစ်ပတ်ကျော်ကြာတဲ့အထိ လျှပ်စစ်မီးမရသေးလို့ ဒေသခံတွေ အခက်ကြုံ

 

ဇူလိုင် ၂၀ – ၂၀၂၄
SN (VOM)

ချင်းပြည်နယ်ရှိ ဟားခါး၊ ဖလမ်း၊ ကန်ပက်လက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာ နှစ်ပတ်ကျော်ကြာတဲ့အထိ လျှပ်စစ်မီး မရရှိသေးတဲ့အတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တို့မှာ ဓာတ်အား အဓိက ဖြန့်ဖြူးပေးနေတဲ့ အုန်းတော – ညောင်ပင်ကြီး ချောင်းကူးဓာတ်အားခွဲ 230KV ရုံ ဓာတ်အားလိုင်း အပြစ်ဖြစ်သွားတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့မှစတင်ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို လျှပ်စစ်မီး ပြတ်တောက်နေတဲ့အတွက် အဲဒီမြို့နယ်တွေက ဒေသခံပြည်သူတွေဟာ ကျန်းမာရေးကိစ္စ၊ လုပ်ငန်းခွင်နဲ့ အိမ်မှုကိစ္စရပ်တွေမှာ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

“မီးမလာလို့ ဆေးရုံတွေမှာ ခွဲစိတ်ကုသဖို့အတွက် အဆင်မပြေဘူး ဖြစ်နေတယ်။ ခွဲစိတ်လူနာတွေကို စောင့်ခိုင်းထားရတယ်။ အရေးပေါ်လူနာတွေကိုတော့ မီးစက်နှိုးပြီး ခွဲစိတ်ပေးနေရတယ်” လို့ ဟားခါးခရိုင်ဆေးရုံမှ ဝန်ထမ်းတယောက်က ပြောပါတယ်။

ဟားခါးအပြင် ဖလမ်း၊ ကန်ပက်လက်နဲ့ ကလေးမြို့တွေမှာလည်း လျှပ်စ်မီးပြတ်တောက်မှုကြောင့် မြို့ခံတွေဟာ ထမင်းဟင်းကို ထင်း၊ မီးသွေးကိုသာ အသုံးပြု ချက်ပြုတ်နေရပြီး ရေကို ချောင်းနဲ့ ရေတွင်း၊ ရေကန်တွေကနေ သွားရောက်ခပ်ယူပြီး သုံးစွဲနေရတယ်လို့ သိရပါတယ်။

“မီးမလာတော့ ရေတင်လို့မရဘူး။ ရေတင်ဖို့ စက်ငှားရတယ်။ ဒါပေမယ့် စက်သုံးဆီဈေးတွေကလည်း တက်နေတော့ ရေရှည်ကျတော့ အဆင်မပြေဘူး။ နီးစပ်ရာ ချောင်းတွေ၊ ရေတွင်းနေကနေ သွားခပ်နေရတယ်။ ရေအတွက်က မိုးလေးရွာနေတော့ သိပ်မပူရပေမယ့် ချက်ပြုတ်ဖို့အတွက်၊ ဆိုင်ဖွင့်ဖို့အတွက်ကျ မီးပြတ်လို့ အဆင်မပြေဘူး” လို့ ဖလမ်းမြို့နယ်မှာ စားသောက်ဆိုင် ဖွင့်လှစ်ထားသူတယောက်က ပြောပါတယ်။

ဒါအပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း လျှပ်စစ်မီး ပြတ်တောက်တာ ကြာမြင့်လာတာကြောင့် မီးသွေး၊ ထင်း၊ ဂက်စ်တွေကိုသာ အသုံးပြုနေကြရပြီး လက်ရှိ ကလေးမြို့မှာ မီးသွေး တအိတ်ကို နှစ်သောင်းကျပ်၊ ရိုးရိုး ဒီဇယ် တဂါလံ ကျပ် နှစ်သောင်းခွဲ၊ ဓာတ်ဆီ တဂါလံ လေးသောင်းကျပ်အထိ ပေးဝယ်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ မဟာမြိုင်လမ်း ပြန်ဖွင့်နေပြီဖြစ်လို့ ကလေးမြို့မှာ ဓာတ်ဆီပြန်ရပေမယ့် ဓာတ်ဆီဈေး ပြန်မကျသေးဘဲ လက်လီဆိုင်တွေမှာ တလီတာကို ကျပ် ၈၀၀၀ ကနေ ၉၀၀၀ ဝန်းကျင်၊ ပန့်ဆိုင်တွေမှာ 92 တလီတာ ၇၈၀၀ ကျပ်၊ 95 တလီတာ ၇၉၅၀ ကျပ် ပေး၀ယ်နေရဆဲဖြစ်ပြီး စက်သုံးဆီဆိုင်တချို့လည်း ပိတ်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ထမင်း၊ ဟင်း ချက်ပြုတ်ဖို့အတွက်လည်း မီးသွေးတွေ ဝယ်ရတယ်။ အခု မီးသွေးစျေးတွေရော ဓာတ်ဆီစျေးတွေပါ အတော်စျေးတက်နေတယ်။ တချို့က ဂက်စ် သုံးကြတာရှိပေမယ့် ဂက်စ်ကလည်း ခု‌နောက်ပိုင်း ပစ္စည်းပြတ်၊ ဝယ်မရဖြစ်နေလို့ မီးသွေးနဲ့ပဲ ချက်ပြုတ်နေရကြတယ်” လို့ ကလေးမြို့ခံတယောက်က ပြောပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ချောင်းကူးဓာတ်အားခွဲရုံမှ တာဝန်ရှိသူတယောက်ကတော့ လက်ရှိအချိန်အထိ ခွဲရုံမှာ ချို့ယွင်းချက်ရှိနေသေးသလို အစားထိုးပစ္စည်းတွေ၊ အရံပစ္စည်းတွေ ပြတ်တောက်နေတာကြောင့် တခြားစက်ရုံကို မှာယူထားဆဲဖြစ်တဲ့အတွက် မီးရရှိနိုင်ဖို့ အချိန် ကြန့်ကြာနေနိုင်သေးတယ်လို့ ပြောပါတယ်။

“ချောင်းကူးခွဲရုံမှာ ပြုပြင်လို့ရသလောက်ကိုတော့ ရှိတဲ့ပစ္စည်းနဲ့ပြုပြင်နေကြပါပြီ။ မီးပြန်ရနိုင်ဖို့ နောက်ထပ် ပစ္စည်းတော်တော်များများ လိုနေပါသေးတယ်။ ဒီနေ့အထိ အဲဒီပစ္စည်းတွေ မပို့နိုင်ကြသေးပါဘူး။ အမြန်ဆုံးပို့ဖို့ စီစဥ်ကြပေမယ့် ပစ္စည်းရောက်ဖို့ကတော့ ရက် ကြာနိုင်ပါသေးတယ်။ ပစ္စည်းရောက်မှ မီးပြန်ရနိုင်မယ့် အခြေအနေမျိုးပါ။ ဘယ်အချိန်မီးရနိုင်မလဲ ပြောလို့မရသေးလို့ မီးရေး၊ ထင်းရေးအတွက် ပြင်ဆင်စရာတွေကို ဆက်လက် ပြင်ဆင်ကြပါလို့ပဲ ပြောပါရစေ” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်းကစလို့ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားလာနေတာဖြစ်ပြီး နစကဥက္ကဋ္ဌကတော့ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတာကြောင့် ၂၀၂၅ ခုနှစ်မှာ ဓာတ်အား လုံလုံလောက်လောက်ရရှိဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အဲဒီနောက် တနှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာတော့ တနိုင်ငံလုံး ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်လောက်ရှိပေမယ့် လက်တွေ့မှာတော့ တရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်တာကြောင့် နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းလောက်သာ မီးပေးနိုင်တယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #ဟားခါး #ဖလမ်း #ကန်ပက်လက် #ကလေး #လျှပ်စစ်မီး နှစ်ပတ်ကျော်ကြာ #ပြတ်တောက် #ဒေသခံတွေ #အခက်ကြုံ

Related posts

Leave a Comment

VOM News

FREE
VIEW