ကြို့ပင်ကောက်နဲ့ လက်ပံတန်းမြို့မှာ မြစ်ရေကြီးမှုကြောင့် လယ်ဧကတသောင်းကျော် ပျက်စီးဆုံးရှုံးပြီး ကျောင်းတွေလည်း ပိတ်ထားရ

 

ဇူလိုင် ၂၂ – ၂၀၂၄
SN (VOM)

ပဲခူးတိုင်းအတွင်းက ကြို့ပင်ကောက်နဲ့ လက်ပံတန်းမြို့တွေမှာ မြစ်ရေ အဆမတန် မြင့်တက်လာမှုကြောင့် လယ်ဧက တသောင်းကျော် ပျက်စီးဆုံးရှုံးပြီး ကျောင်းတွေလည်း ခေတ္တ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ မြို့တွေမှာ ဧရာဝတီနဲ့ မြစ်ခမြစ်ရေ မြင့်တက်လာမှုကြောင့် စပါးစိုက်ခင်းတွေအပြင် ပဲ၊ ပြောင်း၊ နှမ်း စတဲ့ သီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်နေပြီး စာသင်ကျောင်း ၁၀ ကျောင်းဝန်းကျင်လည်း ပိတ်ထားရတယ်လို့ သိရပါတယ်။

လက်ပံတန်းမှာ ရက်ပိုင်းအတွင်း တရိပ်ရိပ် မြင့်တက်လာတဲ့ မြစ်ခမြစ်ရေမြစ်ရေကြောင့် တော်လဿ၊ မဟာပေါင်း၊ ခမုံ၊ ဘီးလင်း စတဲ့ ကျေးရွာ ၃၀ ကျော်မှာ ရေဝင်ရောက်နေတာဖြစ်ပြီး လယ်ကွင်းတွေထဲမှာပါ လှေနဲ့ သွားလာလို့ရတဲ့ အခြေအနေ ဖြစ်နေပြီလို့ ဒေသခံတယောက်က ပြောပါတယ်။

“ဒီရက်ပိုင်း မိုးကလည်း ရွာနေတော့ ရေက ဆက်တက်ဦးမယ့် အလားအလာရှိတယ်။ လယ်ဧက ထောင်နဲ့ချီပြီး ရေတွေဝင်နေပြီ။ စပါးစိုက်ခင်းတွေအကုန် ရေမြုပ်တာပဲ။ ဒီနှစ် အထွက်နှုန်း တော်တော်လျော့သွားမယ့်သဘော ရှိတယ်။ ပဲခင်း၊ နှမ်းခင်းတွေဆိုလည်း ပျက်စီးတာပဲ။ စပါးကမှ နောက်တပတ် ရေပြန်ကျ‌ရင် မျှော်လင့်လို့ရသေးတယ်။ နှမ်းခင်းတွေကတော့ ဘာမှပြန်မရနိုင်တော့ဘူး။ စာသင်ကျောင်းတွေဆိုလည်း အကုန်ပိတ်ထားရတယ်။ ဈေးထဲလည်း ရေဝင်နေပြီ” လို့ သူက ပြောပါတယ်။

ဒါအပြင် ကြို့ပင်ကောက်မြို့မှာလည်း ဧရာဝတီမြစ်ရေ အတက်ကြမ်းနေတာကြောင့် လယ်ဧက တသောင်းဝန်းကျင် ရေနစ်မြုပ်နေ
နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ အောင်ချမ်းသာ၊ အောင်သပြေ၊ ဇီးကုန်း၊ လှေပုကုန်း၊ ကတက်ကုန်း၊ ညောင်ပင်အိုင် စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာအများအပြားမှာ ရေဝင်ရောက်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လည် ကျဆင်းခြင်းမရှိသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #ကြို့ပင်ကောက် #လက်ပံတန်း #ဧရာဝတီ #မြစ်ခမြစ်ရေ #မြင့်တက် #လယ်ဧကတသောင်းကျော် #ပျက်စီးဆုံးရှုံး #စာသင်ကျောင်းတွေ #ပိတ်ထား

Related posts

Leave a Comment

VOM News

FREE
VIEW