ထေရဝါဒ ဗုဒ္ဓဘာသာ အသုံးအနှုန်းတွေကို တခြားဘာသာဝင်တွေက သုံးစွဲခြင်းမပြုဖို့ အသိပေး

 

ဇူလိုင် ၂၂ – ၂၀၂၄
SN (VOM)

ဘာသာအချင်းချင်း အပြန်အလှန်လေးစားတဲ့အနေနဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေကို တခြားသာဘာတွေက အသုံးပြုတာမျိုးမလုပ်ဖို့ အစည်းအ‌ဝေးခေါ်ယူပြီး အသိပေးခဲ့တယ်လို့ ဟင်္သာတခရိုင်၊ ခရိုင်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ကျွန်တော်တို့ကို အထက် အကြီးအကဲတွေက အဆင့်ဆင့်ညွှန်ကြားတဲ့အတွက် ညွှန်ကြားချက်အရ လုပ်ရိုးလုပ်စဥ်အတိုင်းလုပ်တာပါ။ ကျွန်တော်တို့ မြို့နယ်ကတော့ ဒီဘာသာရေးလုပ်ငန်းတွေကို ဘာသာပေါင်းစုံ တပြေးညီပေါ့၊ ကိစ္စတခုခုရှိလာတဲ့အခါ ညှိညှိနှိုင်းနှိုင်းဖြစ်အောင် လေးစားသမှုနဲ့ ခေါ်ယူပြီးတော့မှ အသိပေးလိုက်တာပါ။ စာပို့လိုက်ရင် တမျိုးဖြစ်နေမှာစိုးလို့ အကြီးအကဲတွေရဲ့ ညွှန်ကြားချက်နဲ့ ရုံးမှာဖိတ်ပြီးတော့မှ ရှင်းလင်းပြတာပါ” လို့ သူက ပြောပါတယ်။

အဲဒီ အစည်းအဝေးမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘယ်လို အသုံးအနှုန်းတွေကို သိရှိလိုက်နာရမယ်ဆိုတဲ့ အချက်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ တခြား အသေးစိတ် အကြောင်းအရာတွေကိုတော့ လတ်တလော အစည်းအဝေးရှိနေတာကြောင့် အချိန်ပေး ဖြေကြားပေးနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

အဲဒီ အစည်းအဝေးကို ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့က ဟင်္သာတမြို့ရှိ ခရိုင်သာသနာရေးမှူးရုံးမှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာဟာ၊ ခရစ်ယာန်ဘာသာ စတဲ့ ဘာသာကြီးလေးခုက သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဖိတ်ကြားခဲ့ပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ဗုဒ္ဓဘာသာအသုံးအနှုန်းတချို့ကို မသုံးဖို့ တခြားဘာသာရေးအဖွဲ့အစည်းတွေထံ ဖြန့်ဝေတားမြစ်တာမျိုးရှိခဲ့ပြီး ဘာသာအချင်းချင်း အပြန်အလှန်လေးစားတဲ့အနေနဲ့ သံဃာ၊ သင်္ကန်း၊ ရဟန်း အစရှိတဲ့ အသုံးအနှုန်းတွေကို တခြားသာဘာတွေက အသုံးပြုတာမျိုးမလုပ်ဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သာသနာရေးဦးစီးဌာနကနေတဆင့် ဘာသာပေါင်းစုံအဖွဲ့အစည်းတွေထံ အကြောင်းကြားခဲ့ဖူးပါတယ်။

#voiceofmyanmar #VOM #ထေရဝါဒဗုဒ္ဓဘာသာ #အသုံးအနှုန်းတွေ #တခြားဘာသာဝင်တွေ #သုံးစွဲခြင်းမပြုဖို့ #အသိပေး

Related posts

Leave a Comment

VOM News

FREE
VIEW