ထိုင်းနိုင်ငံရောက် CDM ဝန်ထမ်းတွေက အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးဖို့ လျှောက်ထားမှုတွေ ရှိနေတယ်လို့ မြန်မာသံရုံး ပြော

 

ဇူလိုင် ၂၅ – ၂၀၂၄
SN (VOM)

ထိုင်းနိုင်ငံရောက် CDM ဝန်ထမ်းတွေက အမည်ပျက်စာရင်း (Black Lists) မှ ပယ်ဖျက်ပေးဖို့ မြန်မာသံရုံး (ဘန်ကောက်) ကို လာရောက် လျှောက်ထားမှုတွေ ရှိနေတယ်လို့ အဲဒီသံရုံးက သတင်းထုတ်ပြန်ပါတယ်။

မြန်မာသံရုံးအနေနဲ့ လက်ရှိမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ Black Lists စာရင်း ပယ်ဖျက်ပေးဖို့ လာရောက် လျှောက်ထားမှုတွေကို လက်ခံ ဆောင်ရွက်ပေးလျက် ရှိနေတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

ဆက်လက် လျှောက်ထားလိုသူတွေအနေနဲ့ မိမိတို့ရဲ့ ဝန်ကြီးဌာနကို လိပ်မူပြီးမှတဆင့် သံအမတ်ကြီး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့လို့ ဖော်ပြကာ လုပ်ငန်းခွင် စွန့်ခွာရတဲ့အကြောင်းရင်း ဖော်ပြထားတဲ့ ကိုယ်ရေးစာ၊ ခြောက်လအတွင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ထိုင်းနိုင်ငံအတွင်း နေရပ်လိပ်စာအပြည့်အစုံ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ ပတ်စ်ပို့ (မိတ္တူ)၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား (မိတ္တူ)၊ တခြား ထည့်သွင်းလိုတဲ့ စာရွက်စာတမ်းတွေနဲ့အတူ မြန်မာသံရုံး (ဗန်ကောက်မြို့) ကို လူကိုယ်တိုင် (ဒါမှမဟုတ်) စာတိုက်မှတဆင့် ပေးပို့ပြီး လျှောက်ထားနိုင်တယ်လို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

“Black Lists ဖျက်ပေးဖို့ လျှောက်တယ်ဆိုတာ ဘယ်လိုလူမျိုးတွေ လျှောက်ကြတယ်တော့ မသိဘူး။ နေရပ်လိပ်စာ အပြည့်အစုံတောင်းနေတယ် ဆိုတော့လည်း စဉ်းစားစရာပေါ့။ နစကအနေနဲ့ တကယ် စေတနာရှိတယ်ဆိုရင် အစကတည်းကကို Black Lists ထဲ ထည့်ထားစရာ မလိုဘူးလေ” လို့ ထိုင်းနိုင်ငံရောက် မြန်မာတယောက်က ပြောပါတယ်။

နစကအနေနဲ့ CDM ဝန်ထမ်းတွေကို အမည်ပျက်စာရင်း ပယ်ဖျက်ပေးမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားတာ ဖြစ်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စု ဝန် ကြီးဌာနတွေက နိုင်ငံ့ဝန်ထမ်းတချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြတဲ့အတွက် သက်ဆိုင်ရာဌာနတွေရဲ့ Black Lists မှာ ပါဝင်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်တဲ့အပြင် ကာယကံရှင်တွေရဲ့ လူနေမှုဘဝတွေလည်း နစ်နာလျက်ရှိတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံ့ဝန်ထမ်းတွေ လုပ်ငန်းခွင် စွန့်ခွာရတဲ့ အကြောင်းခြင်းရာအပေါ် မူတည်ပြီး Black Lists မှ ပယ်ဖျက်ဖြေလျော့ပေးကာ ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ဖို့ ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် CDM ဝန်ထမ်းတွေအနေနဲ့ ဇူလိုင် ၁၅ ရက်မှစတင်ပြီး Black Lists မှ ပယ်ဖျက်ပေးဖို့ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

အဲဒီလို လျှောက်ထားရာမှာ မိမိတို့ ရောက်ရှိနေတဲ့ နေရာမှာရှိတဲ့ အရင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဌာနရဲ့ ရုံးတွေကိုလည်းကောင်း၊ နီးစပ်ရာ မြို့နယ်ခွဲ၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေထံကိုလည်းကောင်း၊ မြန်မာနိုင်ငံသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံး‌တွေဆီ လည်းကောင်း ပြန်လည်သတင်းပို့ရမှာတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံပိုင်သတင်းစာမှတဆင့် ကြေညာထားပါတယ်။

#voiceofmyanmar #VOM #ထိုင်းနိုင်ငံရောက် #CDM #ဝန်ထမ်း #Black Lists #ပယ်ဖျက် #လျှောက်ထားမှု #ရှိနေ

Related posts

Leave a Comment

VOM News

FREE
VIEW