တီးတိန်မြို့မှာ လျှပ်စစ်မီးနဲ့ အင်တာနက် ပြန်လည်ရရှိ

 

ဇူလိုင် ၂၇ – ၂၀၂၄
SN (VOM)

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ မနေ့ ဇူလိုင် ၂၆ ရက်ကစပြီး လျှပ်စစ်မီးနဲ့ အင်တာနက် ပြန်လည်ရရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ နေ့လယ် ၁၁ နာရီဝန်းကျင်ကစပြီး Hyper Line ရဲ့ Wifi Cable လိုင်းကနေ အင်တာနက် စတင် အသုံးပြုလို့ ရပြီဖြစ်သလို နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာလည်း ဇလွီး ရေအားလျှပ်စစ် စက်ရုံမှတဆင့် လျှပ်စစ်မီး ပြန်လည်ရရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

“လျှပ်စစ်မီးရော၊ Wifi ရော ပြန်ရနေပြီ။ လျှပ်စစ်မီးကတော့ အရင်က အလှည့်ကျကိုမှ တပတ်ကို နှစ်ရက်ပေးတာ။ အခုတော့ ဘယ်လိုပေးမလဲ မသိသေးဘူး။ Wifi ကလည်း ပြန်ရပေမယ့် အင်တာနက်လိုင်းဆွဲအား သိပ်မကောင်းသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

တီးတိန်မြို့မှာ မြို့တွင်းတိုက်ပွဲတွေကြောင့် မေလ ၂၇ ရက်နေ့မှ စတင်ကာ ပျက်စီး၊ ပြတ်တောက်သွားတဲ့ ရေအားလျှပ်စစ်မီးနဲ့ Wifi အင်တာနက်လိုင်းတွေ ရရှိဖို့ လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မြို့ခံတွေ ပူးပေါင်း ပြင်ဆင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

တီးတိန်မှာ ဇလွီး ရေအားလျှပ်စစ် စက်ရုံကိုသာ အဓိက အားထားနေရတာဖြစ်ကာ အင်တာနက်အတွက် Hyper line နဲ့ City Net ဆိုပြီး Wifi Cable လိုင်း နှစ်ခုရှိတာမှာ လက်ရှိမှာ Hyper Line သာ ရရှိသေးတာဖြစ်ပြီး မြန်နှုန်း နှေးကွေးနေသေးတာကြောင့် ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

“ဖုန်းလိုင်းကတော့ Oredoo ဆင်းမ်ကဒ်ကိုပဲ အဓိက အသုံးပြုနေရတာ။ Atom လိုင်းက တက်လိုက်၊ ပြတ်လိုက် ဖြစ်နေတယ်။ MyTel နဲ့ MPT ကတော့ လုံးဝ မရသေးဘူး” လို့ သူက ပြောပါတယ်။

လက်ရှိမှာ လျှပ်စစ်မီး ရရှိနေပြီ ဖြစ်တာကြောင့် တီးတိန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် ဘာသာရေး အဖွဲ့အစည်းတွေက ပြုပြင်ရေးတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

မေလ ၂၆ ရက်နေ့က နစကတပ်နဲ့ PDF Zoland အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် တီးတိန်မြို့က ဒေသခံတွေအားလုံး မြို့လုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရတာဖြစ်ပြီး တိုက်ပွဲတွေ ငြိမ်သွားတဲ့နောက် ဇွန်လကုန်ပိုင်းကစလို့ နေရပ်ပြန်ခဲ့ကြတာဖြစ်ကာ ပြုပြင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ မေလ ၂၆ ရက်နေ့က စတင်ခဲ့တဲ့ တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် နေအိမ် ၇၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံ တသောင်းခွဲကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာမှာ မြို့နေလူဦးရေ ထက်ဝက်ခန့်ကတော့ လက်ရှိအချိန်ထိ နေရပ် ပြန်လာနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #တီးတိန်မြို့ #လျှပ်စစ်မီး #အင်တာနက် #ပြန်လည်ရရှိ

Related posts

Leave a Comment

VOM News

FREE
VIEW