ပြည်ဝင်ခွင့်ဗီဇာ ပြဿနာကြောင့် တရုတ်ကို တရားဝင်လုပ်သားစေလွှတ်မှု ရပ်ဆိုင်းထားရ

 

ဇူလိုင် ၂၇ – ၂၀၂၄
SN (VOM)

တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ် လက်အောက်ရှိ တယ်ဟုန်ဒေသကို တရားဝင် မြန်မာအလုပ်သမား စေလွှတ်ဖို့အတွက် နှစ်နိုင်ငံညှိနှိုင်းခဲ့ပေမယ့် ပြည်ဝင်ခွင့်ဗီဇာ ပြဿနာကြောင့် ရပ်ဆိုင်းထားရတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီအသိုင်းအဝိုင်းက သိရပါတယ်။

လတ်တလော နိုင်ငံခြားသားလုပ်သား ခေါ်ယူတာဟာ တရုတ်ပြည်မထဲက မဟုတ်ဘဲ မြန်မာနိုင်ငံ နဲ့ နီးစပ်တဲ့ ယူနန်ပြည်နယ်၊ တဲဟုန်ဒေသက စက်မှုဇုန်တွေမှာ လုပ်ကိုင်ဖို့အတွက် ဖြစ်တာကြောင့် တရုတ်ပြည်မကြီးက ဗီဇာ ထုတ်ပေးဖို့ အဆင်မပြေဖြစ်နေတာလို့ သိရပါတယ်။

“တရုတ်ပြည်မထဲက နိုင်ငံခြားသားအလုပ်သမား လိုအပ်ချက်မရှိဘူး။ အခုလိုတာက တယ်ဟုန်ပြည်နယ်တခုတည်းဆိုတော့ သူတို့ဘက်က အလုပ်သမားဗီဇာ မပေးချင်ဘူး ဖြစ်နေတယ်။ ဘာလို့လဲဆို ပြည်နယ်တခုကိုပဲ ခွင့်ပြုတာလေ။ တရုတ်ပြည်မကြီးမှာက နိုင်ငံခြားသား General Worker မှ မလိုတာ။ နောက် ပြည်မကြီးမှာက အလုပ်သမားဗီဇာ မရှိတဲ့အတွက် တရုတ်သံရုံးကလည်း ဗီဇာ ဘယ်လိုထုတ်ပေးရမလဲမသိ ဖြစ်နေတာ။ လောလောဆယ် နှစ်ဖက် ညှိနှိုင်းနေဆဲ ဖြစ်တဲ့အတွက် လုပ်သားပို့တာကိုတော့ ခဏ ရပ်ထားရတယ်” လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက အေဂျင်စီတချို့ တရုတ်နိုင်ငံကို မြန်မာလုပ်သား စေလွှတ်တာ ရှိခဲ့ပေမယ့် အလုပ်သမားဗီဇာ မရရှိတာကြောင့် စီးပွားရေးဗီဇာနဲ့သာ အဆင်ပြေသလို လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ပထမအသုတ် ပို့လိုက်တဲ့သူတွေက စီးပွားရေးဗီဇာနဲ့ လျှောက်ပြီး သွားကြတာ။ ဟိုဘက်ရောက်မှ Work Permit ကတ်ပေးတာ။ လုပ်အားခအနေနဲ့ကတော့ နေစရိတ်၊ စားစရိတ်ငြိမ်းနဲ့ တလကို တရုတ်ငွေ ယွမ် ၁၂၀၀ ကနေ ၂၀၀၀ လောက်အထိ ရတယ်။ အဲဒီ နောက်ပိုင်းတော့ အလုပ်သမား ထပ်ပို့တာ မရှိသေးဘူး” လို့ နောက်ထပ် အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီ ဇွန်လထဲမှာတင် အထည်ချုပ် လုပ်ငန်းအတွက် လူဦးရေ အယောက် ၉၀ ခန့် စတင် စေလွှတ်ခဲ့ပေမယ့် တချို့ လုပ်ငန်းမကျွမ်းကျင်တဲ့အတွက် အဆင်မပြေမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ တရုတ်ကို တရားဝင်လမ်းကြောင်းနဲ့ သွားရောက်နိုင်ဖို့အတွက် ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီ ၁၀ ခု ရှိပြီး တဲဟုန်အတွင်းက အထည်ချုပ်လုပ်ငန်းနဲ့ စားသောက်ကုန် လုပ်ငန်းတွေကနေ လုပ်သားအများအပြား ခေါ်ယူနေကြတာလို့ သိရပါတယ်။

လတ်‌တလောမှာတော့ ဗီဇာပြဿနာကြောင့် တရုတ်ကို တရားဝင်လုပ်သား ထပ်မံစေလွှတ်တာ မရှိသေးပေမယ့် ဖေ့ဘွတ်ခ်၊ တစ်တော့ စတဲ့ လူမှုကွန်ရက် စာမျက်နှာတွေကနေ တရုတ်နိုင်ငံကို လုပ်ငန်းမျိုးစုံနဲ့ လုပ်သားခေါ်ယူပြီး လိမ်လည်တာတွေရှိသလို အထည်ချုပ်လုပ်သားများတဲ့ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာလည်း လက်ကမ်းစာစောင်တွေနဲ့ အလုပ်ခေါ်စာ ကြေညာတာတွေရှိနေတဲ့အတွက် ဂရုပြုကြစေလိုတယ်လို့ အေဂျင်စီတွေက သတိပေးထားပါတယ်။

အရင်က တရုတ်နိုင်ငံကို မူဆယ်မှတဆင့် ယာယီဖြတ်သန်းခွင့် လက်မှတ်တွေနဲ့ ရက်သတ္တပတ်ခန့် သွားရောက်နေထိုင်ကာ အလုပ် လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး တရားဝင် မြန်မာအလုပ်သမား စေလွှတ်တာကတော့ အခု ၂၀၂၄ ခုနှစ်၊ ဇွန်လမှသာ စတင်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ပြည်ဝင်ခွင့်ဗီဇာ #ပြဿနာကြောင့် #တရုတ် #မြန်မာတရားဝင်လုပ်သား #စေလွှတ်မှု #ရပ်ဆိုင်းထား

Related posts

Leave a Comment

VOM News

FREE
VIEW