ဖလမ်းမြို့ကို သိမ်းမယ်ဆိုတဲ့သတင်း ထွက်ပေါ်လာတာကြောင့် ဒေသခံထောင်နဲ့ချီ မြို့ကိုစွန့်ခွာ

 

ဇူလိုင် ၂၇ – ၂၀၂၄
SN (VOM)

လက်ရှိမှာ ချင်းပြည်နယ် (မြောက်ပိုင်း)၊ ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က တိုက်ခိုက် သိမ်းပိုက်တော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတာကြောင့် ဒေသခံထောင်နဲ့ချီ မြို့ကိုစွန့်ခွာနေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ထွက်ပြေး တိမ်းရှောင်သူတွေဟာ ကား၊ ဆိုင်ကယ် အလုံးရင်းနဲ့ ဖလမ်းမြို့နယ်ထဲက ကျေးရွာတွေအပြင် ဟားခါး၊ ရန်ကုန်၊ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့အထိ ထွက်ပြေးနေကြတာဖြစ်ပြီး အရေအတွက်အားဖြင့် လူဦးရေ ၅၀၀၀ ကျော် ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

“မြို့ထဲမှာ ကျန်နေခဲ့တဲ့သူတွေလည်း တိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါပြီ။ ဘယ်သူမှလည်း မနေရဲကြတော့ဘူးလေ။ ဒီရက်ပိုင်း မြို့ကလူအကုန် ထွက်ခွာဖြစ်မယ်ထင်တယ်။ ကောလာဟလ သတင်းတွေကတော့ တောက်လျှောက် ထွက်နေတာပါပဲ။ အခုလည်း သတင်းထွက်နေတယ်။ ဒါပေမယ့် ဖလမ်းမြို့မှာတော့ အခုအချိန်အထိ စစ်ရေးဖော်ဆောင်တာ၊ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ ဖလမ်းမြို့မှာ လူဦးရေ တသောင်းခုနစ်ထောင်နီးပါး ရှိတာကြောင့် လက်ရှိမှာ မြို့နေလူဦးရေရဲ့ သုံးပုံတပုံက မြို့ကိုစွန့်ခွာနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ဟာ ဖလမ်းမြို့မှာ ကျောင်းသား၊ ကျောင်းသူတွေ စာမေးပွဲဖြေဆိုတဲ့ရက်တွေ ဖြစ်တဲ့အတွက် စာမေးပွဲပြီးရင်တော့ အခုထက်ပိုပြီး ထွက်ပြေးတိမ်းရှောင်သူ ပိုများလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ ချင်းအမျိုးသား ကာကွယ်ရေးတပ် (CNO/CNDF) စစ်ရေးလှုပ်ရှားတဲ့ မြို့ဖြစ်ပြီး အဲဒီတပ်တွေဟာ ပြီးခဲ့တဲ့ဧပြီလမှာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့တို့ကို သိမ်းပိုက်ရရှိထားသလို ဇွန်လမှာတော့ မတူပီမြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

ချင်းပြည်နယ်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သိန်းခန့်ရှိပြီး အဲဒီအထဲက ခြောက်သောင်းကျော်ဟာ အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်ထဲမှာ ရှိနေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မှာ နစကတပ်စခန်း ၅၆ ခုရှိပြီး ၄၉ ခုကို ချင်းတော်လှန်ရေးအဖွဲ့တွေက သိမ်းယူထားပြီးဖြစ်ကာ သိမ်းဖို့ကျန်နေတဲ့ တပ်စခန်းတွေကတော့ တပ်ရင်းဌာနချုပ်နဲ့ ဗျူဟာဌာနချုပ်တွေဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အသိပေးထားပါတယ်။

#voiceofmyanmar #VOM #ဖလမ်းမြို့ #မြို့သိမ်းသတင်းကြောင့် #ဒေသခံထောင်ချီ #စွန့်ခွာ

Related posts

Leave a Comment

VOM News

FREE
VIEW