ရန်ကုန် ဒီနေ့မိုးကြီးနေပြီး မြေပြိုပြီး ကားငါးစီးနဲ့ဆိုင်အချို့ပျက်စီး

 

ဇူလိုင် ၂၇ – ၂၀၂၄
GG (VOM)

ရန်ကုန်တိုင်းမှာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် မြို့နယ်အများစုမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေသလို မြေပြိုမှုတွေလည်းဖြစ်ပွားပြီး ရပ်ထားတဲ့ကား ငါးစီးထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

မြေပြိုမှုက စမ်းချောင်းမြို့နယ် ၊ကျွန်းတောလမ်းရှိ ဘီးလင်းကျောင်းတိုက် အုတ်တံတိုင်းပြိုကျခဲ့တာဖြစ်ပြီး ပြိုကျမှုကြောင်​့အုတ်တံတိုင်းအနီး ရပ်နားထားတဲ့ ကားငါးစီး မြေပိကာ ထိခိုက်ပျက်စီးခဲ့သလို ဆိုင်နှစ်ဆိုင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

” အုတ်တံတိုင်းပြိုကျတော့ ရပ်ထားတဲ့ကားတွေပေါ်မြေတွေပိပြီး အိမ်စီးကားငါးစီးကနောက်ဖင်ပိုင်းတွေ ပျက်စီးသွားတယ်။ပရဟိတကားသုံးစီးကတော့လွတ်သွားတယ်။ဆိုင်ကလည်းပျက်စီးသွားတယ်။လူတော့ထိခိုက်မှုမရှိဘူး။လျော်ကြေးဘာညာကိစ္စတော့မသိပါဘူး ။ ” လို့ ရပ်ကွက်နေထိုင်သူတယောက်ကပြောပါတယ်။

ရန်ကုန်မှာ ဇူလိုင်လ ၂၀ ရက်လောက် ကစပြီး ရွာခဲ့တဲ့မိုးက ခုရက်ပိုင်းမှာပိုပြီး မိုးရွာသွန်းမှုများတာကြောင့် ဒီနေ့ဇူလိုင်လ ၂၇ ရက်နေ့မှာ မြို့နယ်အများစုက ရပ်ကွက်တွေထဲကို ရေတွေဝင်ရောက်နေတဲ့အပြင် စျေးတွေထဲလည်းရေကြီးနေပြီး ကားလမ်းတွေမှာပါ ရေတွေကျော်နေတာဖြစ်တယ်လို့သိရပါတယ်။

” မိုးက အတော်လေးကိုကောင်းနေတာ။အခုဆိုအိမ်ထဲထိရေတွေဝင်နေပြီ။ ဒီထက်ထပ်တက်ရင်မလွယ်ဘူး။အခုတော့အောက်ထပ် ဝင်နေပြီ။အိမ်ထဲ တပေခွဲလောက်ရှိနေပြီ။နေမမြင်ရတာကိုကြာပြီးမိုးကအရင်ရက်ထဲကရွာနေတာကိုခုရက်ကအတော်ကိုသည်းပြီးရေတက်လာတာ။” လို့ မရမ်းကုန်းနေထိုင် သူကပြောပါတယ်။

ရန်ကုန်မှာ ဒီနေ့မိုးရွာသွန်းမှု အတော်လေးများပြီး ရန်ကုန် weather station တွေမှ ရတဲ့ အချက်အလက်အရဆိုရင် ကမာရွတ်မြို့နယ်မှာ မိုးရေချိန် ၃.၄၀၂ လက်မ နဲ့
လှည်းကူး မှာ မိုးရေချိန် ၃.၂၉၉ လက်မ၊မင်္ဂလာဒုံ မှာ ၀.၈၅၈ လက်မနဲ့ မရမ်းကုန်းမြို့နယ်မှာ ၃.၀၉ လက်မရှိကြောင်း မိုးလေဝသခန့်မှန်းပေးနေသူဦးဝင်းနိုင်ကပြောထားပါတယ်။

ရန်ကုန်မိုးရွာသွန်းမှုနဲ့ မိုးရေချိန်လက်မ စံချိန်တင်ရွာသွန်းမှုရှိမရှိကိုတော့ မိုးလေဝသနဲ့ဇလဗေဒညွှန့်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်မှာဖြစ်ပြီး လတ်တလောမှတော့အခြေအနေမသိရသေးဘူးလို့ မိုးဇလဘက်ကပြောပါတယ်။

” ဒီနေ့ရွာထဲမိုးရေချိန်ကမနက်ဖြန်လောက်မှသိရမှာ။စံချိန်တင်ရွာရင်တော့ ဌာနကထုတ်ပြန်မှာပါ။မိုးကတော့များနေတာဟုတ်တယ်။နောက်ရက်တော့လျော့မယ့်အခြေအနေရှိပါတယ်။ ” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။

လက်ရှိရန်ကုန်မှာတော့ ရွှေပြည်သာ၊လိူင်သာယာ၊မြောက်ဒဂုံ၊အရှေ့ဒဂုံ၊ဒဂုံဆိပ်ကမ်း၊လှည်းကူး၊တိုက်ကြီး၊မြောက်ဥက္ကလာ၊မရမ်းကုန်း၊ရန်ကင်း၊တာမွေ၊မင်္ဂလာတောင်ညွန့်၊ကျောက်တန်း၊သန်လျင်၊မှော်ဘီ၊စမ်းချောင်း စတဲ့မြို့နယ်တွေမှာ ရေကြီးနေတာဖြစ်ပါတယ်။

#Voiceofmyanmar #vom #ရန်ကုန် #ရေကြီး #မြေပြို #ကားပျက်စီး #

Related posts

Leave a Comment

VOM News

FREE
VIEW