လားရှိုး မန်ဆူဘက် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲကြား ပိတ်မိသူတွေရှိနေ

ဇူလိုင်လ ၂၇၊ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး မန်ဆူဘက်မှာတော့ ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့အထိ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“လားရှိုး မန်ဆူ ဘုန်ကြီးကျောင်းဝန်းထဲမှာကိုးကန့်တွေ ဝင်ပြီး နေရာယူထားတယ်။နစက တပ်ဘက်ကလည်း မန်ဆူ ဗမာဘုန်းကြီးကျောင်းဝန်းထဲမှာ နေရာယူထားတယ်။ အဲဒီ ကျောင်းနှစ်ကျောင်းက ကားလမ်းမပဲ ခြားတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

မြို့ထဲ နှစ်ဖက် တပ်ဖွဲ့တွေက အပြိုင်အဆိုင် နေရာ‌ေတွ နီးနီး ကပ်ကပ် ဝင်ယူ‌ကြတော့ ရှောင်မပြေးနိုင်ပဲ ကျန်နေတဲ့ ပြည်သူတွေက တိုက်ပွဲကြားထဲညှပ် ပိတ်မိ ဒုက္ခရောက် ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မန်ဆူကနေ အောက်ဖက်ကို ပေးမသွားဘူး လို့သိရတယ်။ မနေ့ကလည်း လက်နက်ကြီးတွေ ကျတယ်လို့ သိရတယ်။ ကျည်ထိထားသူတွေလည်း ကူပေးမယ့်သူ မရှိတော့ ပိတ်မိနေတာတွေရှိတယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ရပ်ကွက်ထဲ နေရာ တချို့မှာ ပိတ်မိနေသူတွေက ထွက်လာလို့လည်း မရ၊ ချက်စားလို့လည်းမရ၊ အသံကြားတာနဲ့ ပစ်ခတ်ခံရတာကြောင့် သေသူတွေသေပြီး အလောင်းတွေလည်း မကောက်နိုင် ဖြစ်နေတယ်လို့ ဆိုပါတယ်။

နှစ်ဘက် လက်နက်ကြီးတွေ လူနေအိမ်ပေါ်တွေမှာ ကျကွဲတာကြောင့် ရပ်ကွက်တိုင်းနီးပါး ပြည်သူတွေရဲ့ နေအိမ် အမြားအပြား ထိခိုက်ပျက်စီးထားပြီး ရပ်ကွက် ၅ မှာတော့ နေ အိမ် ၁၀ အိမ်ကျော် မီးလောင်ပျက်စီး ထားတယ်လို့ ဒေသခံတွေက ပြောကါတယ်။

“သူခိုးအရမ်းများတယ်။ သူများတောင် ဒုက္ခ ရောက်ပါတယ်ဆို သူခိုးတွေက အုပ်စုလိုက် ကားနဲ့ ကိုလိုက်ခိုးနေတာ။ ကျနော် အသိအိမ်တောင် ခဏပဲ ရှောင်တာ တအိမ်လုံး အပြောင် ကားနဲ့ တိုက်သွားတာ။ အိမ်ရှင်တွေ တောင် ရှောင်ဖို့ ပြင်ဆင်နေတုန်း ရှိသေး၊ သူခိုးတွေက အဆင်သင့် စောင့်နေပြီ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

မာရှယ်လော ထုတ်ထားလည်း ည တွေမှာလည်း လိုက်ခိုးနေတာ ရှိတယ်လို့ သူကပြောပါတယ်။

လက်ရှိ လားရှိုးမြို့မှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး တချို့ မိသားစုတွေနဲ့ ရက်ကြာ အဆက်အသွယ် ‌ပြတ်တောက်နေသူတွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲကာလအတွင်း လားရှိုးကနေ စစ်ရှောင် ထွက်လာတဲ့ ကားသမား၊ ခရီးသည်တွေ တချို့လည်း ပျောက်ဆုံး နေသူတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

MNDAA ဘက်ကတော့ လားရှိုးကို ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးကော်မတီတွေ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း၊ ဝန်ထမ်းတွေကိုလည်း တာဝန်ပြန်လည် ထမ်းဆောင်ဖို့ ဖိတ်ခေါ်ထားသလို မှတ်တမ်း ဓာတ်ပုံ အချို့ တွေပါ သတင်းထုတ်ထားပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ MNDAA နဲ့ ပူးပေါင်း ဝော်လှန်ရေး တပ်ဖွဲ့က အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ထိန်းချုပ်နိုင် ပြီဆိုတဲ့ သတင်း မှန်ကန်မူမရှိကြောင်း ငြင်းဆိုထားပြီး လားရှိုးမြို့ရဲ့ အချို့အစွန်ရပ်ကွက် တေွမှာ သောင်းကျန်းသူတွေစိမ့် ဝင်လာလို့ လိုက်လံရှင်းလင်းနေတယ်လို့ ပြောထားပါတယ်။

ဒေသခံတွေကဝောာ့ လားရှိုး ကျပြီလို့လည်း ပြောလို့ မရသလို မကျဘူးလို့လည်း ပြောလို့ မရပဲ ကြားထဲမှာ ပြည်သူတွေ ခက်ခဲ ဒုက္ခဖြစ်နေရတယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကစပြီး MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လားရှိုးမြို့နဲ့ အနီးဝန်းကျင်ကို စစ်မျက်နှာ ငါးခုခန့်ဖွင့်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပါတယ်။

Photo Crd# ဒေသခံ
#voiceofmyanmar#VOM#လားရှိုး မန်ဆူဘက် စစ်ရေးအခြေအနေ တင်းမာနေဆဲစစ်ရေးအခြေအနေ တင်းမာနေဆဲ#

Related posts

Leave a Comment

VOM News

FREE
VIEW