သံတွဲ သူဌေးချောင်းဆည်ရေ အနီရောင်အဆင့်ကျော်လာလို့ ဒေသခံတွေ အမြန်ဆုံးပြောင်းရွှေ့ဖို့ အရေးပေါ် သတိပေး

 

ဇူလိုင် ၂၇ – ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ်၊ သံတွဲမြို့က သူဌေးချောင်းဆည်ရေဟာ စိုးရိမ်ရေမှတ် အနီရောင်အဆင့်ထက် ကျော်လွန်လာတာကြောင့် ဆည်ကျရေစီးကြောင်းတလျှောက်က ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေ ချက်ချင်းပြောင်းရွှေ့ကြဖို့ အာရက္ခတပ်တော် (AA) က အရေးပေါ်သတိ‌ပေးချက် ထုတ်ပြန်ပါတယ်။

သူဌေးချောင်း ဆည်ကျရေစီးဆင်းတဲ့ လမ်းတလျှောက်မှာ ချင်းကွင်း၊ ဘုရားမော်၊ ဆူးပုပ်ကုန်း၊ မန်ကျည်းချောင်း၊ တလိုင်းတဲ၊ ရွှေလှေ၊ လင်းသီ၊ ကျောင်းကုန်း၊ ဇီးကျွန်း၊ အောက်နတ်မော်၊ ပြင်ယောင်း၊ သဗြုချိုင်၊ နတ်မော် နဲ့ အင်တိုင်းကြီး အစရှိတဲ့ ကျေးရွာတွေ ရှိနေတယ်လို့သိရပြီး ဒေသခံတွေအနေနဲ့ အမြန်ဆုံး ပြောင်းရွှေ့ဖို့ လိုအပ်တယ်လို့ မြေပြင်အခြေအနေ သိရှိသူတယောက်က ပြောပါတယ်။

“မိုးက အဆက်မပြတ် သည်းသည်းထန်ထန်ကို ရွာနေတုန်းပဲ။ အဲဒါကြောင့် ဒီ ရေအားလျှပ်စစ်စီမံကိန်း ဆည်ရေက အနီရောင်အဆင့်ကို ကျော်လာတာ။ မိုးကြီးရင် ရေကဆက်ကြီးနေဦးမှာပဲ။ ဒီကြားထဲကမှ ဆည်ရေလျှံလာရင်တော့ ပိုဆိုးဖို့ပဲ ရှိတာပေါ့။ ဒါကြောင့် အဲဒီတောက်လျှောက် ကျေးရွာတွေမှာ ရှိနေတဲ့သူတွေအကုန်လုံး နီးစပ်ရာ တောင်ကုန်းနဲ့ ကုန်းမြင့်တွေဆီကို အမြန်ဆုံးရွှေ့ပြောင်းဖို့ လိုအပ်တယ်” လို့ သူက ပြောပါတယ်။

သံတွဲမှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေတာကြောင့် သံတွဲမြို့ပေါ်ရပ်ကွက်အားလုံး ရေလွှမ်းနေပြီး ဒီရေကျချိန်လောက်သာ ခေတ္တခဏ ရေပြန်ကျတာလို့ ဒေသခံတယောက်က ပြောပါတယ်။

သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းရှိရာ ရွှေလှေတိုက်နယ် ဒေသဟာ သံတွဲတိုက်ပွဲတွေ အစောဆုံးဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ရှောင်နေသူတွေလည်း ရှိနေတဲ့အတွက် မြို့ပေါ်မှာ လူမရှိသလောက်ဖြစ်နေသလို အဲဒီ စီမံကိန်းက ဝန်ထမ်းတွေဟာလည်း ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်ကတည်းက စစ်ရှောင်နေကြတယ်လို့ သိရပါတယ်။

သူဌေးချာင်းဆည်ဟာ သံတွဲမြို့ရဲ့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာမှာတည်ရှိပြီး ပင်မရေလှောင်တမံဟာ ကန့်ရေအပြည့် သိုလှောင်ပမာဏ ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #သံတွဲ #သူဌေးချောင်း #ဆည်ရေ #အနီရောင်အဆင့် #ကျော်လာ #ဒေသခံတွေ #အမြန်ဆုံး#ပြောင်းရွှေ့ #အရေးပေါ် #သတိပေး

Related posts

Leave a Comment

VOM News

FREE
VIEW