ကရင်ပြည်နယ်အတွင်း မြို့ငါးမြို့ထက်မနည်း ရေကြီးနေပြီး လူသေဆုံးမှုတွေလည်း ရှိလာ

 

ဇူလိုင် ၂၈ – ၂၀၂၄
SN (VOM)

ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ လှိုင်းဘွဲ့၊ ပိုင်ကျုံ၊ ကျုံဒိုး စတဲ့ မြို့နယ် မြို့နယ်တွေမှာ ဇူလိုင် ၁၅ ရက်နေ့မှစပြီး မိုးအဆက်မပြတ် ရွာသွန်းနေတဲ့အတွက် ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုတွေလည်း ရှိလာတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်ပြည်နယ်အတွင်းရှိ ဒေါနတောင်တန်း တောင်ကျရေ၊ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ လှိုင်းဘွဲ့မြစ်၊ သောင်ရင်းမြစ်နဲ့ ချောင်းတောင်ချောင်းရေတွေကြောင့် မြို့ပေါ်နဲ့ ရပ်ကွက်၊ ကျေးရွာတွေအတွင်း ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မြ၀တီမြို့မှာ သောင်ရင်းမြစ်ရေလျှံမှုကြောင့် မနေ့ ဇူလိုင် ၂၇ ရက်က အသက် သုံးနှစ်အရွယ် ကလေးတယောက် အပါအဝင် အသက် ငါးဆယ်ကျော်နဲ့ ခြောက်ဆယ်ကျော်အရွယ် အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ ပြည်နယ်အခြေစိုက် လူမှုကူညီ ကယ်ဆယ်ရေးကွန်ရက် အဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ရေကြီးတာ ရက်ပိုင်းအတွင်းမှာ သုံးယောက်သေသွားတာပေါ့။ ဒီ သုံးယောက်ထဲက သေသွားတဲ့ ကလေးက သောင်ရင်းမြစ်ကမ်းဘေးမှာ နေတာ။ ရေဆော့ရင်း ပြုတ်ကျပြီး ရေစီးနဲ့ပါသွားပြီး တခြားရပ်ကွက်မှာ ပြန်တွေ့တယ်။ ပြန်တွေ့တဲ့အချိန်မှာတော့ အသက်မရှိတော့ဘူး” လို့ သူက ပြောပါတယ်။

ရေကြီးမှုကြောင့် မြို့တွင်းရှိ ရပ်ကွက် ငါးရပ်ကွက်မှ ဒေသခံ ၆၀၀၀ ကျော် ရေဘေးသင့်နေပြီး ကယ်ဆယ်ရေးစခန်း ၁၀ နေရာလောက်မှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌အရေးပေါ် ရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့ သိရပါတယ်။

ဒီကနေ့ ဇူလိုင်လ ၂၈ ရက်မှာ မိုးရွာသွန်းမှု ရပ်သွားပြီး မိုးရေတောင်ကျရေ စီးဆင်းမှု နည်းပါးသွားပေမယ့်လည်း မြဝတီမြို့ တောင်ဘက် ဝေါလေ၊ စုကလိ၊ သေ့ဘောဘိုး ဒေသဘက်မှာ မိုးဆက်လက် ရွာသွန်းနေဆဲ အခြေအနေကြောင့် သောင်ရင်းမြစ်ရေ လျော့နည်းသွားခြင်း မရှိသေးဘူးလို့ မြစ်ကမ်းအနီး နေထိုင်နေသူတယောက်က ပြောပါတယ်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ ဇူလိုင် ၂၈ ရက် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော်ခန့်မှာ ရောက်ရှိနေပြီး နောက်တရက်အတွင်း ၁ ပေခွဲခန့် ဆက်လက် မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ သိရပါတယ်။

ဒါအပြင် ဘားအံမြို့မှာလည်း သံလွင်မြစ်ရေဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က အမြင့်ဆုံးဖြစ်ခဲ့တဲ့ ရေမှတ် ၉၃၈ စင်တီမီတာ စံချိန်ကိုချိုးကာ အခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်မှာတော့ ၉၄၄ စင်တီမီတာကို ကျော်လွန် ရောက်ရှိနေတယ်လို့ သိရပါတယ်။

မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၂၈ ရက် တိုင်းထွာချက်အရ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်ထက် ၆ ပေခွဲခန့် ကျော်လွန်နေပြီး နောက်တရက်အတွင်း ပေဝက်ခွဲ ဆက်လက် မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ သိရပါတယ်။

သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့နယ်ရဲ့ ကမ်းနားလမ်းနဲ့ မြို့တွင်းရပ်ကွက်တချို့မှာ ရေမြင့်တက်နေပြီး ရေဘေးကယ်ဆယ်ရေး စခန်းတွေလည်း ဖွင့်လှစ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခုက ဘားအံတမြို့လုံး ရေကြီးနေတာ။ နေရာအနှံ့ ရေမဝင်တဲ့နေရာ မရှိဘူး။ ကယ်ဆယ်ရေးအင်အား နည်းနေတယ်။ လုံလောက်တဲ့ အကူအညီတွေ မရသေးဘူး” လို့ ‌ဒေသခံတယောက်က ပြောပါတယ်။

ဒါအပြင် ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကျိုက်ဒုံမြို့မှာလည်း သောင်ရင်းမြစ်ရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေသလို ကြာအင်းဆိပ်ကြီးမြို့မှာလည်း မြို့အဝင်ကနေ စိုက်ပျိုးရေးလမ်းအစပ်အထိ ရေကြီးနေကာ ရေကြီးနှုန်းမြန်ပြီး ကားလမ်းပေါ် ရေကျော်နေတဲ့အတွက် ကုန်ကားကြီးတွေသာ သွားလာလို့ရတော့တယ်လို့ သိရပါတယ်

မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ မြန်မာပြည်တောင်ပိုင်းဒေသတွေမှာ မိုးဆက်လက်များနေပြီး ပထမရေကြီးကာလကို ဆက်လက် ရင်ဆိုင်ကြရဦးမှာဖြစ်တာကြောင့် အထူးသဖြင့် မော်လမြိုင်အပါအဝင် မွန်နဲ့ ကရင်ပြည်နယ်တို့မှာ သတိထားကြဖို့ တိုက်တွန်းထားပါတယ်။

#voiceofmyanmar #VOM #ကရင်ပြည်နယ် #မြို့ငါးမြို့ထက်မနည်း #ရေကြီး #လူသေဆုံးမှုရှိ

Related posts

Leave a Comment

VOM News

FREE
VIEW