မိုးရွာသွန်းမှု များနေနိုင်သေးတာကြောင့် တိုင်းနဲ့ ပြည်နယ်တချို့ ရေကြီးရေလျှံမှု ဆက်လက်သတိပြုဖို့ လို

 

ဇူလိုင် ၂၉ – ၂၀၂၄
SN (VOM)

လာမယ့် လေးရက်အတွင်း မိုးရွာသွန်းမှု များနေနိုင်သေးတာကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ ရေကြီးရေလျှံမှု ဆက်လက်သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

မုတ်သုံလေအားကောင်းနေတဲ့အတွက် ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်နဲ့ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ မိုးရွာသွန်းမှုတွေ ဆက်ရှိနေနိုင်ပြီး နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ ဦးလှထွန်းက ပြောပါတယ်။

“ဒီနေ့ကနေ နောက်လေးရက်အထိ မိုးတွေဆက်ဦးမယ့်သဘောရှိတယ်။ ရေကြီးမှုက ရခိုင်ကမ်းရိုးတန်း၊ ရခိုင်ဘက်ရော၊ နောက် မြစ်ဝကျွန်းပေါ်။ မြစ်ဝကျွန်းပေါ်ကတော့ မိုးနည်းနည်းလေး မိုးပါးသွားမယ်၊ ပဲခူးရောပဲပေါ့။ တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဘက်ကတော့ မိုးက ဆက်များမယ့်အနေအထားရှိတယ်။ အဲဒီနေရာတွေတော့ ဇူလိုင်လကုန်အထိ ဆက်ပြီး သတိထားရဦးမယ်။ ဩဂုတ်လကျရင်တော့ ၂ ရက်နေ့လောက်အထိ မိုးဆက်ရွာနိုင်သေးတယ်။ အဲဒီနောက်ပိုင်း ၃ ရက်နေ့လောက်က‌နေစပြီး အကုန်လုံး မိုးပါးသွားမယ့်သဘော ရှိတယ်။ အကုန်လုံးဆိုတာက လက်ရှိ ရေကြီးရေလျှံမှုဖြစ်နေတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေ၊ တောင်ပိုင်းဒေသတွေပေါ့” လို့ သူက ပြောပါတယ်။

မိုး/ဇလရဲ့ ဒီကနေ့ ဇူလိုင် ၂၉ ရက်နေ့၊ ညနေအထိခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ နေရာကွက်ကျား၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်လို့ သိရပါတယ်။

ဒါအပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဒေသအလိုက်နဲ့ ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့် ဖြစ်တယ်လို့ သိရပါတယ်။

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်မှာတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုနေနိုင်တယ်လို့ သိရပါတယ်။

မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ လကုန်ရက်ဖြစ်တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယ – ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ထပ်မံဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါကြောင့် ဇူလိုင် ၃၁ ရက်၊ မွန်းလွဲပိုင်းကစပြီး ၆ နာရီမှ ၁၂ နာရီအတွင်း မိုးများနိုင်ကာ မိုးရေချိန် ၄၀ မှ ၅၀ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။

“လက်ရှိ မြစ်ရေကြီးနေတဲ့ဒေသအားလုံးမှာ အထက်ရေကျလာတာထက် မိုးများတာကြောင့် အခြေအနေပိုဆိုးလာတာဖြစ်ကြောင်းလည်း ကြားသိရပါတယ်။ ဇူလိုင်လကုန်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းက ကုန်းတဝက်ရေတဝက် လေဖိအားနည်းရပ်ဝန်းက မိုးရွာသွန်းမှုကို ပိုမိုစေဦးမှာဖြစ်ပြီး ရေပြန်ကျနိုင်မယ့်ရက် ပိုမိုရှည်ကြာလာနိုင်ပါတယ်။ ဒါကြောင့် ရေကြီးရေလွှမ်းနေပြီးဖြစ်တဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ အထူးသတိထားနိုင်ကြဖို့ လိုပါတယ်” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒါအပြင် အိန္ဒိယမိုးလေဝသဌာနရဲ့ မနေ့ ဇူလိုင် ၂၈ ရက် ထုတ်ပြန်ချက်မှာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းက လေဖိအားနည်းရပ်ဝန်းဟာ လက်ရှိမှာ အားလျော့သွားပြီး အနောက်ဘက် – အိန္ဒိယနိုင်ငံကုန်းတွင်းကို ဆက်လက်ရွေ့လျားနေတာကို ဖေါ်ပြထားတယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ဒါအပြင် အရှေ့ဖိလစ်ပိုင်ပင်လယ်မှာ စတင်ဖြစ်ပေါ်ခဲ့ပြီး ထိုင်ဝမ်ကျွန်းနဲ့ တရုတ်ပြည်မကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း GAEMI ဟာလည်း လက်ရှိချိန်အထိ တရုတ်ပြည်မကြီးထဲမှာ လေတိုက်နှုန်း တနာရီ မိုင် ၆၀ နှုန်းနဲ့ တိုက်ခတ်နေသေးတဲ့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် မြောက် – အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေသေးတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာရေဗျပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်တောင် မုတ်သုံလေအား အလွန်ကောင်းနေတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် မနေ့ ဇူလိုင် ၂၈ ရက် မှ နောက်လာမယ့် သုံးရက် (ဇူလိုင် ၃၀ ရက်အထိ) ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ နေပြည်တော်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးရေချိန် ၈၀ မီလီမီတာနဲ့အထက် ၁၅၀ မီလီမီတာခန့်အထိ ရွာသွန်းပြီး မိုးများနေဦးမယ်လို့ သူက ပြောပါတယ်။

အလယ်ပိုင်း မိုးနည်းရေရှား ဒေသတွေမှာတော့ သုံးရက်ပေါင်း မိုးရေချိန် ၇ မီလီမီတာမှ ၂၀ မီလီမီတာခန့်အထိသာ ရွာသွန်းနိုင်ပြီး မိုးနည်းနေဦးမှာဖြစ်ကာ ရှမ်းပြည်နယ်ဒေသ အားလုံးနဲ့ ချင်းပြည်နယ် အထက်ပိုင်းတွေမှာတော့ မိုးရေချိန် ၄၀ မီလီမီတာအထက်မှ ၆၀ မီလီမီတာခန့်အထိ မိုးအသင့်အတင့်သာ ရွာသွန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုးရွာသွန်းမှု #များနေ #တိုင်းနဲ့ ပြည်နယ်တချို့ #ရေကြီးရေလျှံမှု #ဆက်လက် #သတိပြုဖို့လို

Related posts

Leave a Comment

VOM News

FREE
VIEW