ပြည်တွင်းစစ်နဲ့ ပြန်လည်ထူထောင်ရေး

 

မြန်မာ့အရေးလေ့လာသူတဦး

လက်ရှိပြည်တွင်းစစ်မှာဘယ်နေရာ လက်လွှတ်လိုက်ရတယ်၊ ဘယ်နေရာက တပ်စခန်းကိုတိုက်လိုက်ပြီ၊ ဘယ်မြို့ကို သိမ်း လိုက်ပြီဆိုပေမယ့် အစိုးရဆိုတော့ ခဏကြာရင်ပြန်သိမ်းမှာလေ ၊ပြန်လည်သိမ်းနေ တာကို မြင်နေကြားနေရတာ ။ အိမ်နီးချင်းကြီးကလည်း အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက်ကို အပျက်ခံပြီးပြည်နယ်တွေ ခွဲထွက်တာ၊ လွတ်လပ်ရေးကြေညာတာကို အလိုအလျှောက် ဆန့်ကျင်ရမှာမို့ လက်ရှိမြောက်ပိုင်းလက်နက်ကိုင်တွေလည်း မမဆောင်း ပြောသလို ဖြစ်နေဦးမှာ။

မြို့တွေ၊ရွာတွေကို ဦးတည်တိုက် လိုက်တဲ့အတွက် မြို့ပျက်ရွာပျက်တာက ရလဒ် လိုဖြစ်လာတယ်။ အိုးမဲ့အိမ်မဲ့ စစ်ရှောင်တွေ တိုးလာမယ်။ ပြည်တွင်းစစ်၊ဒေသဆိုင်ရာစစ်ကြောင့် လူငယ်တွေလည်း ထိုင်းဖက်ကို နည်းမျိုးစုံနဲ့ ဝင်သွားရတယ်။

“ခင်ဗျားတို့နိုင်ငံမှာ ဖြစ်နေတာ ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရ​မှာ လူတိုင်းပါ” လို့ ထိုင်းမိတ်ဆွေ၊အိမ်နီးချင်း နိုင်ငံက ပညာရှင် တချို့ရဲ့မှတ်ချက်ကြောင့် ကြိုက်သည်ဖြစ်စေ မ ကြိုက်သည်ဖြစ်စေ သူတို့အမြင်ကို ရေးချင်လာတယ်။

ပြည်သူတွေက မိအေး၂ခါနာဖြစ်ရကြောင်းကို နိုင်ငံရေး စီးပွားရေး ပညာရှင် က အခုလိုရှင်းပြပါတယ်။ ခင်ဗျားတို့နိုင်ငံမှာဖြစ်နေတာ လက်နက်ကိုင် ပဋိပက္ခ မဟုတ်တော့ဘူး။ “ပြည်တွင်းစစ်” သူ့လက်ကို မျက်တောင်အဖွင့်အပိတ်နဲ့ Civil War ဆိုပြီး ကျွန်တော်ကို ငတုံးလို့သတ်မှတ်ပြီး နားလည်အောင်ရှင်းပြတယ် ထင်ပါတယ်။

စစ်ပြီးသွားရင် ဒီအတိုင်းထားခဲ့လို့မရဘူးလို့ ထောက်ပြပါတယ်။ မြို့ပျက်တိုင်းကို မြို့ တစ်မြို့ရဲ့ အင်္ဂါရပ်နဲ့ညီအောင် ပြန်တည် ဆောက်ဖို့ နိုင်ငံက ကောက်ခံတဲ့ အခွန်အကောက်ကပဲသုံးရမယ်။ စီးပွားရေးကောင်းမှ အခွန်ကောက်နိုင်မှာ။ အခုဆို နယ်စပ်ကုန်သွယ်ရေး မရှိသလောက်ဖြစ်နေပြီ၊ ပို့ကုန် ကျရင် ငွေတန်ဖိုးကျမယ်၊ အခွန်မရရင် မြို့တွေပြင်ဆင်တည်ဆောက်ဖို့ ဖို့ အခြေခံလိုအပ်ချက်တွေက နိုင်ငံတကာ သွင်းရမှာ။

မြို့ပြန်တည်ဆောက်လို့ ပုဂ္ဂလိက အိမ်တွေ ပျက်တာကို ဘယ်က ပိုက်ဆံနဲ့ပြန်ဆောက်မှာလည်း မေးတော့ ကျွန်တော့်မှာဖြေစရာမရှိ။ စီးပွားရေး ပြန်ထူတောင်ဖို့မပြောနဲ့ ပျက်စီးသွားတာ ပြန်ဆောက်ဖို့ က မျက်ရည်တွေစုပြီးဆောက်လို့မှမရတာ။

ပညာရှင်ထောက်ပြတာ “စစ် စရိတ်” ကို ဘယ်သူတွေကျခံရမှာလည်းဆိုတဲ့မေးခွန်းကို မစဥ်းစားမိတာအမှန်ပါ။ ဒါတောင်လူ့ အသက်တွေမပါသေးဘူးနော်။သူက ပြည်သူတွေ ကိုယ်နဲ့မဆိုင်ဘူးလို့ မှတ်နေရင် တော်တော်ခက်သွားပြီ လို့ ဆိုပါတယ်။ လက်ရှိ စစ်တိုက်နေရတဲ့နေရာမှာ ကုန်ကျစရိတ်တွေ က အကြွေးတင်လာမယ်။ ဘယ်အစိုးရတက်လာတက်လာ စစ်စရိတ် အကြွေးဆပ်တွေတာဝန်ခံဆပ် ရမယ်။ အစိုးရဆိုတာ စီမံခန့်ခွဲ ပေးရတဲ့ အစုအဖွဲ့၊ ပြည်သူရဲ့အိပ်ထဲက ပေးရမှာ။

သူက လေးလေးနက်နက်ပဲ ယူကရိန်းသမ္မတ ဇလန်းစကီး က နိုင်ငံခေါင်းဆောင်မကဘူး၊ အရောင်းစာရေး ပီသတယ်၊ သူရောင်းချင်တာ၊ သူလိုအပ်တာကို ဇာတ်ရည်လည်အောင်လုပ်တတ်ပြောတတ် တယ် လို့ထောက်ပြတယ်။ယူကရိန်းရဲ့ စစ် စရိတ်ကို အမေရိကန်နဲ့ ဥရောပက ရတယ်။ ဒေါ်လာဘီလီယံ လိုအပ်ချက်ကို သွားတောင်းရင် black suit & tie စွတ် တွေ တိုင်တွေအစား နိုင်ငံတကာပွဲတိုင်းကို protocol ကျကျမဝတ်ပဲ စစ်ဘောင်းဘီ၊ တီရှပ်အမဲလေးဝတ်ပြီး ခရီးတစ်ခေါက်ထွက်ရင် ဘီလီယံ ဒေါ်လာ ၆၀လောက် ရလာပြီ။သူ့အနေနဲ့ တိုင်းပြည်ကို ပြန်တည်ဆောက်ဖို့ စစ်လွန်ကာလအတွက် လည်း တွက်ချက်ပြင်ဆင်ထားမှာလို့ ထောက်ပြပါတယ်။

(မြန်မာ မှာတော့ခေတ်အဆက်ဆက် သေချင်သေပါစေ၊ protocol မှန်ဖို့ဦးစားပေး တာဗျလို့ ပြန်မပြောတော့ပါ။ ၂၀၁၂ မြန်မာပြည်ပြန်ရောက်ခါစ ရက်ပိုင်းမှာ ဖားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့လိုက်ရတော့ ဆွေးနွေးပွဲမသွားခင် မနက်စာ စားဖို့ ဝန်ကြီးဦးအောင်မင်းနဲ့ တစ်စားပွဲထဲ ထိုင်ရင်း၊ နှစ် ၂၀ကျော် မစားဖြစ်နဲ့ ငါးခြောက်နဲ့ ကောက်ညှင်းပေါင်းယူစားမိလို့ ဘေးကပြည်ထောင်စု ဝန်ကြီးတစ်ပါးကကျွန်တော့်ကို လက်တို့ပြီး ထိပ်စီးမှာထိုင်နေတဲ့ ဝန်ကြီးဦးအောင်မင်း စစားတာ စောင့်ပေးဖို့သတိပေး တာအမှတ်ရမိတာကိုး) ။

ခင်ဗျားတို့နိုင်ငံပြည်တွင်းစစ်လို့ နံမည်ခံထားပေမဲ့ ကြားခံကြိုးကိုင်စစ်ပွဲ (proxy war) တိုက်နေရတာ။ ခင်ဗျားတို့ ခံတိုက်နေရတာက သာမန် တိုင်းရင်းသားလက်နက်ကိုင် စစ်စစ်မဟုတ်ဘူး။ စစ်လက်နက်ရဖို့ ဇလန်းစကီးလို နောက်ခံကောင်းကောင်းနဲ့တိုက်ရတာမဟုတ်ဘူး။

ခင်ဗျားတို့ စစ်နိုင်ဖို့အပြင်၊ ပြန်လည်ထူထောင်ရေး အတွက် စဥ်းစားထားဖို့လိုမယ်။ ပြီးခဲ့တဲ့ ၄ ရက်က တိုကျိုမြို့ မှာ ပြုလုပ်သွားတဲ့ Quad ၄နိုင်ငံမဟာမိတ် (အမေရိကန်၊ဂျပန်၊ ဩစတေးလျားနဲ့ အိန္ဒိယ နိုင်ငံ ခြားရေးဝန်ကြီး)ဆွေးနွေးပွဲ က မြန်မာ့အရေး အတွက် သက်ဆိုင်ရာ အားလုံးတွေ့ဆုံဆွေးနွေးအဖြေရှာ ဖို့ တိုက်တွန်းထားတာကိုလည်း ပယ်မချဘဲ လက်နက်အနေနဲ့ သုံးသင့်ပါတယ်။

မီးမှိန်မှိန် အိမ်လေးထဲမှာ ကြိတ်ကုသနေတဲ့ပုံစံမျိုးထက် ဖြစ်သင့်တဲ့နည်းလမ်းတွေ၊ ကမ်းလှမ်းချက်တွေ ကို စစ်ပွဲအတွက် လက်နက်မျိုးစုံလို့မြင်သင့်ကြောင်း ထောက်ပြပါတယ်။

စစ်စရိတ်မြင့်လာလေလေ၊ငွေတန်ဖိုးကျလာလေလေ၊ စစ်စရိတ်အကြွေးမြင့်လာလေလေ၊ နောင်အစိုးရတွေ မဖြစ်မနေ အခွန်တိုးကောက်ဖို့ ဆုံးဖြတ်ရ လေလေ ဖြစ်မယ် လို့ပြောလို့၊ခင်ဗျားနဲ့မတွေ့ခင်မြန်မာ စီးပွားရေး သမားတွေ ရဲ့ မုန်လုံး စက္ကူ ကပ် နေတဲ့အခြေအနေ ကို ရှင်းပြတော့၊ ပညာရှင်က ခင်ဗျားတို့နိုင်ငံက ပုံမှန်အခြေအနေဆိုရင် ဥပဒေ နဲ့အရာရာက ညီသင့်တာပေါ့။ ဒီအခြေအနေက အရေးပေါ်အခြေအနေဆိုရင်ဥပဒေအတိုင်းလုပ်ရင်တော့ မလွယ်လောက်ဘူး လို့ဆိုပါတယ်။

အစိုးရအနေနဲ့ “မျက်စေ့တစ်ဖက်မှိတ် ပေါ်လစီ” crisis management strategy ကိုမကျင့်သုံးရင် လုပ်ငန်းရှင်တွေ ရောက်တဲ့နေရာမှာရပ်သွားပါလိမ့်မယ်လို့ဆိုပါတယ်။ သူတို့ကိုမှီခိုနေတဲ့အလုပ်သမားတွေလည်းဘဝပျက်မယ်။ အစိုးရကအလုံးစုံ တာဝန်ရှိသွားမယ်။ အခုအချိန်က စီးပွားရေး လုပ်ငန်း ကဏ္ဍအသီးသီးက လုပ်ငန်းရှင်တွေ ကို အားပေးရမှာ၊ သူတို့ဘယ်လိုရှင်သန်အောင် ကူပေးရမလည်း၊ ဖြေလျှော့ပေးမလည်းဆိုတာကို အစိုးရက စဥ်းစားပေးရမှာ၊ သူတို့ရဲ့ယုံကြည်မှုကိုတည်ဆောက်ရမှာ။

အစိုးရဆိုတာ ဘာနဲ့တူသလည်းဆို ရင် ဖဲဝိုင်းထောင်တဲ့သူ နဲ့တူတယ်လို့ (ရယ်ပြီးပြောပါတယ်) ဖဲဝိုင်းထောင်သူက ကစားသမား(လုပ်ငန်းရှင်တွေ) ပျော်ပျော်ရွှင်ရွှင် ကစားဖို့ အခင်းအကျင်းပြင်ပေးဖို့ ပရိယာယ် လိုတယ်တဲ့။ အခု ကစားသမားတွေ ဆက်မကစားတော့ဘဲ ဖဲချပ်မှောက်နေတဲ့ အခြေအနေရောက်နေတယ်လို့သူကဆိုပါတယ်။လုပ်ငန်းတွေကိုရပ်လိုက်ပြီး စောင့်ကြည့်နေ ရင် စစ် စရိတ်ကိုဘယ် အခွန်အခက ရမှာလည်း လို့ မျက်လုံးပြူးပြီးမေးတာကို ကျွန်တော်မှာအဖြေမရှိ။ သူပြောတာကိုစဥ်းစားရင်အိမ်အပြန်မှာ တွေးမိတာက

လက်ရှိအကျပ်အတည်းရဲ့ အဖြေက ဒုံးပျံလုပ်ဖို့ ဖော်မြူလာရှာနေတာ မဟုတ်ပါ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဥ်တစ်ခုအောက်မှာ နိုင်ငံရေးသမား၊လူမှုရေး၊စီးပွားရေးသမားတွေ၊ တိုင်းရင်းသားနိုင်ငံရေးသမားတွေ၊ပညာရှင်တွေ၊ လက်နက်ကိုင်တွေ၊ သက်ဆိုင်သူတွေ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ဖို့ Quad လို ၄နိုင်ငံ အဖွဲ့ ရဲ့ ကမ်းလှမ်းချက် ကို ပေါက်ဖော်ကြီးရဲ့ ဟိုင်ကင် ဆွေးနွေးပွဲ နဲ့ယှဥ်ပြီး အဖြေရှာခွင့်ပေးပါ။ အနှီး ၄နိုင်ငံ ကြေညာချက် အမေရိကန် သဘောထား ပြောင်းလဲ မှုလို့ထင်ပါတယ်။

လက်ရှိလည်း တိုက်စရာရှိတာတိုက်ပါ။ စစ်ရောက်လာမှတော့ ပျက်စီးမှု တွေက လည်း အဖော်အဖြစ်ပါလာမှာပါ။

အခုကတည်းကပြည်တွင်းစစ်အပြီးကို ထည့်စဥ်းစားပါ။ ပြန်လည်ထူထောင်ရေး အတွက်သမ္မတ ဇလန်းစကီးရဲ့ နည်း ဗျူဟာမျိုးစဥ်းစားစေချင်တယ်။ ၄နိုင်ငံကလည်းမြန်မာ ပြည်သူကို ကူညီဖို့ သူတို့ စံနဲ့ ထိပ်တိုက်တွေ့စရာမလိုပဲ ကူနိုင်ပါတယ်။ ပဋိပက္ခတိုင်းမှာ အခွင့်အရေး က (crisis always create opportunities) ပေါ်လာတာမို့။ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေထက် နိုင်ငံတကာအကူအညီ၊ လူသားချင်းစာနာမှု အကူအညီတွေကို စဥ်းစားနိုင်ပါတယ်။ ကိုယ့်အိတ်ထဲကငွေလေးကို ကျစ်ကျစ်ပါအောင် သိမ်းထားပါ။

နိုင်ငံတကာဆက်နွယ်မှုရဲ့ စာမျက်နှာသစ်အတွက် ပိတ်ဆို့မှုတွေ ကို အကူအညီပေးရေးမူအသစ် နဲ့အဆုံးသတ်နိုင်မှာပါ။

မြန်မာ့အရေးလေ့လာသူတဦး

ဓါတ်ပုံ။ ။ ယူကရိန်းရဲ့အပျက်အစီးများ (Sky news)

Related posts

Leave a Comment

VOM News

FREE
VIEW