ဆောက်လုပ်ရေးလုပ်ငန်းတွေ ၄၀ ရာခိုင်နှုန်းနီးပါး ရပ်နားနေရပြီး ကန်ထရိုက်အချို့ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေ

 

ဩဂုတ် ၅ – ၂၀၂၄
SS (VOM)

ငွေကြေးတန်ဖိုး ကျဆင်းတာ၊ ကုန်ဈေးနှုန်း ကြီးမြင့်တာတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ၄၀ ရာခိုင်နှုန်းနီးပါး ရပ်နားနေရပြီး ကန်ထရိုက်တချို့ ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိနေတယ်လို့ အိမ်ရှင်တွေနဲ့ အခန်းကြိုပွိုင့် ၀ယ်ယူထားသူတွေက ပြောပါတယ်။

လက်ရှိမှာ ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်နားလာရပြီး ကန်ထရိုက်တွေ ထွက်ပြေးတိမ်းရှောင်မှုတွေလည်း ရှိလာတဲ့အတွက် ဆောက်လုပ်ဆဲ တိုက်တာအိုးအိမ်တွေ အပြီးသတ်နိုင်ခြင်း မရှိဘဲ နစ်နာမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“တိုက်ခန်းပေးတိုက်ခန်းယူ စနစ်နဲ့ ခုနစ်ထပ်ဆောက်ဖို့ ကန်ထရိုက်တယောက်နဲ့ စာချုပ်ချုပ်ထားတာ သုံးနှစ်ကျော်နေပြီ။ ဘာမှအစမပျိုးရ သေးဘူး။ သူက ရှစ်လအတွင်း ဆောက်ပေးပါမယ်ပြောထားလို့ အိမ်ဖျက်ပေးထားပြီး ကိုယ်တွေက အိမ်ငှားနေနေရတာ။ အိမ်ငှား‌ဖြစ်သွားတာပဲ အဖတ်တင်တယ်။ အခုထိ တခါသွားကြည့်တိုင်း တခါ မြေကွက်လပ်ပဲ တွေ့တယ်။ သူ ကြိုပွိုင့်ရောင်းထားတာတွေလည်း ရှိတော့ ကိုယ့်ဆီပဲ လာလာမေးနေကြတယ်။ အကျိုးအကြောင်း သိရအောင် အဲဒီ ကန်ထရိုက်ဆီ ဖုန်းဆက်တော့လည်း ဖုန်းက စက်ပိတ်သွားပြီ” လို့ အရှေ့ဒဂုံမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။

ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ကိုဗစ်ကာလ ၂၀၂၀ ခုနှစ်မှာလည်း အထိနာခဲ့သလို နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်း သုံးနှစ်ကျော် ကာလအတွင်းမှာလည်း အများစုက နာလန်မထူနိုင်သေးဘဲ အခက်အခဲများစွာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ပါမစ်အခက်အခဲကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစလို့ လက်ရှိအချိန်အထိ ဆောက်လုပ်ရေးလုပ်ငန်း ၄၀ ရာခိုင်နှုန်းနီးပါး လုပ်ငန်းဆက်လက် လည်ပတ်နိုင်ခြင်းမရှိတော့ဘူးလို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေလည်း ဈေးတက်နေဆဲဖြစ်တာကြောင့် ကန်ထရိုက်သမားတွေ အခက်အခဲဖြစ်နေပြီး တချို့ အိတ်စိုက်လုပ်ကိုင်နေရတာတွေလည်း ရှိလာသလို တချို့သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေလည်း ရပ်နားထားရတယ်လို့ သိရပါတယ်။

“ဈေးတွေက နေ့တိုင်းတက်နေတာဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ခုနောက်ပိုင်းဆိုလည်း သံဈေးတွေ တအားတက်လာတယ်။ တချို့ဆို ပါမစ်ရောင်းစားတာတွေဘာတွေ ရှိလာတယ်။ ကျွန်‌တော်တို့ လုပ်ရတဲ့အခါမှာ အခက်အခဲတွေ အများကြီးပဲ။ ပစ္စည်းဖိုး လက်ခယူလိုက်ရတယ်ဆိုရင် ကျွန်တော်တို့အိတ်ထဲက စိုက်လိုက်ရတာ များတယ်။ ပုဂ္ဂလိက အလုပ်အပ်သူတွေကိုတော့ တက်စျေးနဲ့ ညှိနှိုင်းပြီး လုပ်ငန်းဆက်လုပ်လို့ရပေမယ့် အစိုးရနဲ့လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေက ပြန်ပြင်ဆင်ဖို့မလွယ်ကူဘူး” လို့ ဆောက်လုပ်ရေးကန်ထရိုက် လုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်းကစလို့ ဒေါ်လာဈေး မြင့်တက်မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး သံဈေးနှုန်းတွေလည်း လိုက်ပါ မြင့်တက်နေတာဖြစ်ပြီး အခု ၂၀၂၄ ခုနှစ်အတွင်းမှာတော့ သံတတန်ကို ငွေကျပ် ၃၄ သိန်းအထိ ရောက်ရှိနေကာ ၂၀၂၁ ခုနှစ်တုန်းကတော့ သံတတန်ဈေး ကျပ် ၁၃ သိန်းဝန်းကျင်သာ ရှိခဲ့တာကြောင့် သုံးဆနီးပါး မြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ ပါမစ်အခက်အခဲကြောင့် သံမရရှိတဲ့အတွက် လုပ်ငန်းတွေကို ထိန်းပြီးဆောင်ရွက်နေရသလို ရပ်နားလိုက်ရတဲ့ လုပ်ငန်းတွေလည်း ရှိနေကာ ဈေးကွက်အတွင်း သံတတန်အတွက် ငွေကျပ် သုံးသိန်းခွဲဝန်းကျင်နဲ့ ပါမစ်ရောင်းစားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ဒါကြောင့် အစိုးရအနေနဲ့ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်ဖို့အတွက် အဆောက်အအုံတလုံး ဆောက်လုပ်နိုင်ဖို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေတွက်ချက်ထားတဲ့ သံလိုအပ်ချက်အတိုင်း ပါမစ်ကို လွတ်လပ်စွာ သွင်းခွင့်ပေးသင့်တယ်လို့ လုပ်ငန်းရှင်တွေက အကြံပြုထားပါတယ်။

#voiceofmyanmar #VOM #ဆောက်လုပ်ရေးလုပ်ငန်း #၄၀ရာခိုင်နှုန်းနီးပါး #ရပ်နား #ကန်ထရိုက်တချို့ #ထွက်ပြေး #တိမ်းရှောင်မှုရှိ

Related posts

Leave a Comment

VOM News

FREE
VIEW