ရှိတ်ဟာစီနာရဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် နောက်ဆုံး နေ့ရက် နာရီများ

ဩဂုတ်-၇-၂၀၂၄

မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ် နိုင်ငံတဝန်းမှာ ဆူပူဆန္ဒပြမှုတွေကို ထိန်းသိမ်းဖို့ လုံခြုံရေးကော်မတီ အစည်းကို ခေါ်ယူလိုက်ပေမယ့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာရဲ့ မျက်နှာကတော့ စိုးရိမ်ပူပန်မှုနဲ့ အာဏာရလိုမှုတို့ရဲ့ လွန်ဆွဲမှုကြောင့် သာသာယာယာတော့ မရှိလှ။

တနင်္ဂနွေနေ့မှာ ဒီအစည်းအဝေးပြုလုပ်ပြီးနောက် နာရီအတန်ကြာအချိန်မှာ ရာထူးကနေ နုတ်ထွက်ပြီး တိုင်းပြည်ကနေ ထွက်ပြေးရမယ်ဆိုတဲ့ သူမရဲ့ ကံကြမ္မာကိုလည်း ပီပီပြင်ပြင် ရိပ်စားမိသေးဟန် မထင်။

ပါကစ္စတန်ဆီကနေ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ပြန်တွေရဲ့ မိသားစုတွေကို အစိုးရအလုပ်အကိုင် ခွဲတမ်းထားရှိမှုအပေါ် ကျောင်းသားတွေရဲ့ မကျေနပ်မှုတွေကနေ ပြီးခဲ့တဲ့လက ပြင်းထန်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ဝန်ကြီးချုပ် ဟာစီနာ နုတ်ထွက်ရေးအပါအဝင် အစိုးရဆန့်ကျင်ရေးအသွင် ကျယ်ကျယ်ပြန့်ပြန့် ပြောင်းလဲလာပြီး သူမအပေါ်  ဖိအားတွေ တိုးနေခဲ့တာပါ။

တနင်္ဂနွေနေ့တရက်တည်းမှာပဲ လူ ၉၀ လောက်သေဆုံးခဲ့ပါတယ်။ သေဆုံးသူ အများစုကတော့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုအပြင် အာဏာရ အဝါမီလိဂ်က အစိုးရထောက်ခံသူတွေနဲ့ ပဋိပက္ခတွေကြောင့်လည်း ပါဝင်ပါတယ်။

အဲဒီနေ့မှာတော့ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြသူတွေအပြင် သာမန်ပြည်သူတွေပါ လမ်းပေါ်ထွက်ခဲ့ကြပြီး လုံခြုံရေးအခြေအနေ ထိန်းမနိုင် သိမ်းမရအခြေအနေကို အစည်းအဝေးတက်ရောက်လာတဲ့ စစ်တပ်အပါအဝင် လုံခြုံရေးတာဝန်ရှိသူတွေက နားလည်နေဟန်ရှိပါတယ်။

ဒီအချိန်မှာ ဝန်ကြီးချုပ်ဟာစီနာက တိုင်းပြည်ကနေ ထွက်ခွာဖို့ ပြင်ဆင်ရင်း နောက်ဆုံးအခိုက်အတန့်ထိ အာဏာကို ရတဲ့နည်းနဲ့ အင်အားသုံးဆုပ်ကိုင်ထားနိုင်ဖို့ စဉ်းစားနေခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က အရပ်သားတွေကို ပစ်မသတ်နိုင်ကြောင်းနဲ့ ရဲတပ်ဖွဲ့အတွက် လိုအပ်တဲ့ လုံခြုံရေးအကူအညီသာ ပေးနိုင်တယ်လို့ စစ်တပ်တာဝန်ရှိသူတွေက ဝန်ကြီးချုပ်ကို သီးသန့်ပြောခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲတွေကို ဖြိုခွင်းနေတဲ့ ရဲတပ်ဖွဲ့ကလည်း ခဲယမ်းမီးကျောက်ကုန်သွားတယ်လို့ စောဒကတက်တယ်ဆိုပါတယ်။ ဆန္ဒပြသူတွေဟာ အကြမ်းဖက်သမားနဲ့ ဖျက်ဆီးရေးသမားတွေလို့ အစည်းအဝေးအပြီးမှာ ဝန်ကြီးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီနောက်  များမကြာခင် ပြည်တွင်းမှာ ထိန်းသိမ်းလို့မရတဲ့ အုံကြွမှုကြီးတခုဖြစ်လာတော့မယ့် အခြေအနေကို စစ်တပ်နဲ့ လုံခြုံရေးတာဝန်ရှိသူတွေက ရိပ်စားမိပုံရပါတယ်။

သေဆုံးအရေအတွက် တဖြည်းဖြည်မြင့်တက်လာပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အဝါမီလိဂ်ပါတီ လူငယ်အဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဆန္ဒပြသူတွေ သေဆုံး ဒဏ်ရာတဲ့ဓါတ်ပုံတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်ပြီးနောက် ဆန္ဒပြသူတွေရဲ့ အမျက်ဒေါကက အထွတ်အထိပ်ရောက်ရှိလို့လာပါတယ်။

ဆန္ဒပြပွဲတွေပြင်းထန်လာတာနဲ့အမျှဆန္ဒပြကျောင်းသားခေါင်းဆောင်တွေကလည်း နောက်တနေ့မှာ အာဏာဖီဖန်ရေးလှုပ်ရှားမှုနဲ့ မြို့တော်ဒါကာကို ချီတက်ကြဖို့ စီစဉ်ခဲ့ကြတာကြောင့် အာဏာပိုင်တွေ စိုးရိမ်မှု ပိုမိုတိုးပွားလာခဲ့ပါတယ်။

ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရလည်း နောက်နေ့မှာ ဆန္ဒပြသူထောင်ပေါင်းများစွာ ဒါကာကို ချီတက်လာမယ်လို့ သတင်းတွေပို့ထားကြပြီး တားဆီးမှုတွေလုပ်မယ်ဆိုရင် နောက်ထပ်သွေးထွက်သံယိုမှုတွေ ဖြစ်လာမယ်ဆိုတာ သိထားတဲ့ စစ်တပ်အကြီးအကဲ ဝေါကာယူဇ်ဇာမန်းက ဝန်ကြီးချုပ် ဟာစီနာနဲ့ ထပ်တွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူအပါအဝင် ၊ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအကြီးအကဲတို့ဟာ ဝန်ကြီးချုပ်နဲ့ ထပ်တွေ့ခဲ့ပြီး အခြေအနေ ပိုမို မငြိမ်မသက်ဖြစ်လာကြောင်းနဲ့ နောက်တနေ့မှာ ဝန်ကြီးချုပ် အိမ်တော်ကိုလည်း လုံခြုံရေး အာမခံချက် မပေးနိုင်ဘူးလို့ ပြောဆိုခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါဟာ သူမရဲ့ အလုံခြုံဆုံး နောက်ဆုံးထွက်ပေါက်အတွက် ဆွေးနွေးမှုလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါပေမယ့် ဒါကာအခြေစိုက် သတင်းသမားတွေကတော့ ဒါဟာ ရာထူးကနေနုတ်ထွက်ပြီး အာဏာလွှဲပြောင်းတာလို့ ထင်ကြောင်း ပြောပါတယ်။ အဲဒီညမှာ မြို့တော်နေရာအတော်များများမှာ ပြင်ပ လုံခြုံရေးအင်အား လျော့နည်းခဲ့တယ်ဆိုပါတယ်။

နိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ရှိတ်ဟာစီနာဟာ နောက်တစ်နေ့ မှာတော့ ကာလရှည်ကြာ မိတ်ဖက်ဖြစ်တဲ့ အိနိ္ဒယအစိုးရနဲ့ ဆက်သွယ်ခဲ့ပြီး သူထွက်ခွာဖို့အတွက် ပြင်ဆင်ပါတော့တယ်။

သူမ ရာထူးနုတ်ထွက်စာကို တုံ့ဆိုင်းစွာနဲ့ လက်မှတ်ထိုးပြီးနောက်မှာ ဝန်ကြီချုပ်အိမ်တော်ကနေ စစ်ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားတာကို အထူးလုံခြုံရေးတပ်ဖွဲ့၊ သမ္မတအစောင့်တပ်၊ စစ်ဘက်ထိပ်တန်းတာဝန်ရှိသူတွေသာ သိရှိခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါတွေအားလုံးကို လျှို့ဝှက်လုပ်ဆောင်ခဲ့တာလို့ သူကပြောပါတယ်။ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၅၀ မိနစ်မှာတော့ ရှိတ်ဟာစီနာနဲ့ ပတ်သက်တဲ့ သတင်းတွေကို အမှောင်ချတဲ့အနေနဲ့ အင်တာနက် ဆက်သွယ်ရေးတွေကို တာဝန်ရှိသူတွေက ဖြတ်တောက်လိုက်ပါတယ်။

သူမ မော်တော်ယာဉ်နဲ့ ထွက်ခွာဖို့ ကနဦးစီစဉ်ထားပြီး လမ်းကြောင်းအားလုံးကို ရှင်းလင်းထားပေမယ့် မလုံခြုံတာကြောင့် စစ်ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်ရတာလို့ ပြောပါတယ်။

အဲဒီနောက် ဂိုနိုဘာဘန်မှာစောင့်နေတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ် စီ-၁၃၀ ဟာကျူလီလေယာဉ်နဲ့ အိနိ္ဒယနိင်ငံအရှေ့ပိုင်း ထရီပူရ ပြည်နယ်မြို့တော် အက်ဂါတာလာကို ရောက်ရှိပြီး ဒေလီကို နောက်ထပ်လေယာဉ်နဲ့သွား ခဲ့တယ်လို့ ဆိုပါတယ်။

သူမကို မြို့တော်ဒါကရှိ လေဆိပ်ကို ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားပြီးနောက် ဒေလီကို လေယာဉ်နဲ့ ခေါ်သွားတာလို့လည်း သတင်းတွေကဆိုပါတယ်။  သူမရဲ့ နိုင်ငံကနေ ထွက်ခွာတာဟာ  လုံခြုံရေးတာဝန်ရှိသူတွေရဲ့ အကြံဉာဏ်မဟုတ်ဘဲ မိသားရဲ့ တိုက်တွန်းချက်ကြောင့်လို့ ဟာစီနာရဲ့သားဖြစ်သူက ပြောပါတယ်။

ဘယ်လို လမ်းကြောင်းမျိုးက သွားရောက်ပါစေ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှာတော့ ဘင်္ဂလားဒေရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ၊ သူမရဲ့ အစ်မနဲ့ အဝါမီလိဂ်ပါတီ လွှတ်တော်အမတ် ဆယ်လ်မန်ဖာဇ်လာရာမန်တို့ကို ဒေလီကိုခေါ်သွားမယ့် လေယာဉ်ပေါ် တင်ပေးလိုက်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

သူမ ဝန်ကြီးချုပ်အိမ်တော်က ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို လူအုပ်ကြီးက ဒေါတကြီး ဖျက်ဆီးနေချိန်မှာတော့ သူမဟာ ဒေလီကို လေယာဉ်ပျံသန်းနေတဲ့ လေယာဉ်ပေါ်မှာ ရှိနေဆဲဖြစ်ပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတခုမှာတော့ ခရီးဆောင်အိတ် လေးငါးလုံးနဲ့အတူ လေယာဉ်ပေါ်တက်ဖို့ စောင့်ဆိုင်းနေတဲ့ ရှိတ်ဟာစီနာရဲ့ ပုံရိပ်တွေ ပျံ့နှံ့လို့နေပါတယ်။

နာရီအတန်ကြာ လေယာဉ်စီးပြီးနောက် အိန္ဒိယကို ရောက်ရှိခဲ့ပေမယ့်လည်း ဗြိတိန်ကို သွားရောက်ခိုလှုံဖို့အရေးက ရှိတ်ဟာစီနာအတွက် လက်ရှိအချိန်ထိ ဝေဝါးနေဆဲဖြစ်ပါတယ်။ သူမ အိနိ္ဒယကို ရောက်ပြီး များမကြာခင်မှာတော့ ဘင်္ဂလားဒေ့ရှ်မှာ အင်တာနက်တွေပြန်ရနေပါပြီ။

သူမ နိုင်ငံတွင်းက ထွက်ပြေးရတဲ့အကြောင်းနဲ့ ပြည်သူတွေ အောင်ပွဲခံနေတဲ့သတင်းတွေက လူမှုကွန်ရက်တွေမှာ တဟုန်ထိုး ပျံ့နှံ့လို့နေသလို တချိန်က ဒီမိုကရက်တစ် အမျိုးသမီးနိုင်ငံရေးသမားလို့ ရှုမြင်သတ်မှတ်ခံခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာ ပြည်သူတွေကို ဖိနှိပ်မှုတွေကြောင့်  သူမရဲ့ ၁၅ နှစ်ကြာ အုပ်ချုပ်မှုဟာ ရှုတ်ချမှုတွေနဲ့အတူ အဆုံးသတ်သွားခဲ့ရတယ်လို့ ဝေဖန်မှုတွေကတော့ သူမထွက်ခွာသွားပေမယ့် ကျန်ရစ်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရှိတ်ဟာစီနာရဲ့ သားဖြစ်သူကတော့ “အမေက နောက်ဆုံးအချိန်မှာ ရဟတ်ယာဉ်ပေါ်တက်ဖို့ တွန့်ဆုတ်နေခဲ့တယ် ”လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC/Reuters

Photo:Reuters/BSS

Related posts

Leave a Comment

VOM News

FREE
VIEW