တင်းမာမှုတွေကြားက အရှေ့အလယ်ပိုင်းအရေး စိုးရိမ်ပူပန်မှုများ

 

ဩဂုတ်-၁၃-၂၀၂၄
မျိုးဆက်(VOM)

“အစ္စရေးကို အီရန်က ဘယ်အချိန်မှာ ဘယ်လိုပုံစုံနဲ့ လက်တုံ့ပြန်မလဲဆိုတာ အဖြေထက် မေးခွန်းတွေက ပိုများတယ် ” လို့ အရှေ့အလယ်ပိုင်း စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

ဒါပေမယ့် အမေရိကန်ကတော့ တင်းမာမှုတွေမြင့်တက်နေတဲ့ အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘော စေလွှတ်ထားတဲ့အပြင် ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော ယူအက်စ်အက်စ် ဂျော်ဂျီယာကိုပါ ထပ်မံ စေလွှတ်လိုက်ပြန်ပါတယ်။

ဟားမတ်စ်တွေနဲ့ စစ်တိုက်နေရတဲ့ အစ္စရေးအတွက် အီရန်နဲ့တင်းမာမှုက တပူပေါ်နှစ်ပူဆင့်ဖြစ်ပြီး လက်တုံ့ပြန်နိုင်ခြေအတွက် အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ အမေရိကန်ကတော့ မဟာမိတ် အစ္စရေးကို အီရန်နဲ့ မဟာမိတ်စစ်သွေးကြွအဖွဲ့တွေက အချိန်မရွေး လက်တုံ့ပြန်လာနိုင်ခြေအပေါ် ကာကွယ်ပေးမယ်လို့ ကတိခံထားပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဂါဇာစစ်ပွဲအပြင် အီရန်မှာ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာထိပ်တန်းတပ်မှူးတို့ မရှေးမနှောင်းမှာပဲ လုပ်ကြံခံရပြီးနောက်မှာအစပြုခဲ့တဲ့ တင်းမာမှုတွေက ဒေသတွင်းမှာ အမေရိကန်နဲ့ နိုင်ငံတကာကပါ သတိထားလာရတဲ့ အနေအထား ဖြစ်လာပါတယ်။

“ အရှေ့အလယ်ပိုင်း ဒေသကို ပဲ့ထိန်းဒုံးကျည်တင် ရေငုပ်သင်္ဘော ယူအက်စ်အက်စ် ဂျော်ဂျီယာကို နောက်ထပ် စေလွှတ်ထားပြီး အက်ဖက်-၃၅စီ ဂျက်တိုက်လေယာဉ်တွေ တင်ဆောင်ထားတဲ့ ယူအက်စ်အက်စ် အေဘရာဟင်လင်ကွန်း လေယာဉ်တင်သင်္ဘော ကိုလည်း အရှေ့အလယ်ပိုင်းကို အရှိန်မြှင့် ခုတ်မောင်းဖို့ ညွှန်ကြားထားပါတယ် ” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

အစ္စရေးကို အီရန်အပြင် နောက်ထပ် လက်တုံ့ပြန်တိုက်ခိုက်နိုင်ခြေက လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဖြစ်ပါတယ်။ အီရန်မှာ ဟားမတ်စ်ခေါင်းဆောင် လုပ်ကြံမခံရခင် နာရီပိုင်းအလိုမှာ ဟဇ်ဘိုလာ ထိပ်တန်းတပ်မှူး ဖော့ဒ်ရှူကရာ လုပ်ကြံခံရမှုအပေါ် လက်တုံ့ပြန်မယ်လို့ ကတိပြုထားပါတယ်။

ကာတာအခြေစိုက် ဂျော့တောင်းတက္ကသိုလ် ပါမောက္ခ Mehran Kamrava ကတော့ အမေရိကန်က ရေငုပ်သင်္ဘောတစ်စင်း အရှေ့အလယ်ပိုင်းကို စေလွှတ်လိုက်တာဟာ အီရန်နဲ့ ဟဇ်ဘိုလာတို့ရဲ့ လက်တုံ့ပြန်မှုကို အဟန့်အတားဖြစ်စေဖို့လို့ သုံးသပ်ထားပါတယ်။

ဒါပေမယ့်လည်း အီရန်နဲ့ မဟာမိတ်တွေဟာ အစ္စရေးကို တစုံတရာ ထိထိရောက်ရောက် လက်တုံ့ပြန်တိုက်ခိုက်မယ့် အရိပ်အယောင်တွေရှိနေတယ်လို့ သူက သတိပေးထားပါတယ်။

ဒီလိုအခြေအနေမှာ ခရီးသည်တင်လေကြောင်းလိုင်းတွေကလည်း ဒေသတွင်း ခရီးစဉ်တွေကို ဖျက်သိမ်းနေကြတာကလည်း အရှေ့အလယ်ပိုင်းအရေး စိုးရိမ်ပူပန်မှုတွေရဲ့ တစိတ်တဒေသဖြစ်ပါတယ်။

ဂျာမနီလေကြောင်းလိုင်း Lufthansa က အစ္စရေးရှိ တဲလ်အဗစ်၊ လက်ဘနွန်မြို့တော် ဘေရွတ်၊ ဂျော်ဒန်မြို့တော် အမ္မန်၊ အီရတ် အာရာဘီနဲ့ အီရန်နိုင်ငံ မြို့တော်တီဟီရန်တို့ကို ပြေးဆွဲပျံသန်းမှု ၂၁ ရက်နေ့ထိ ရပ်ထားမယ်လို့ ဆိုပါတယ်။

ဆွစ်လေကြောင်းလိုင်းကတော့ အီရန်မြို့တော် တီဟီရန်နဲ့ အီရတ်မြို့တော်ဘေရွတ်ကို လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းထားပြီး ပြင်သစ်လေကြောင်းလိုင်းကလည်း ဇူလိုင် ၂၉ ရက်ကတည်းက ဘေရွတ်ကို ပျံသန်းမှု ရပ်ဆိုင်းခဲ့ပါတယ်။

ဘောလ်တစ်လေကြောင်းလိုင်းနဲ့ အီးဇီးဂျက်တို့ကလည်း ဒေသတွင်းခရီးစဉ်တွေ ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်ထားကြပြီး ဒါဟာ ဒေသတွင်းမှာ တင်းမာမှုတွေ အချိန်မရွေးပေါက်ပွဲလာနိုင်တဲ့ အခြေအအနေအပေါ် စိုးရိမ်ပူပန်မှုတွေကို ထင်ဟပ်နေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုမှာ အီရန်ဟာ အစ္စရေးဘက်ကို ဒရုန်း၊ ဒုံးကျည် ရာပေါင်းများစွာနဲ့ လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။ ခုတကြိမ်မှာတော့ နိုင်ငံတွင်းအပြင် ပြည်ပနိုင်ငံတွေရှိ အစ္စရေးပစ်မှတ်တွေကိုပါ အီရန်က တိုက်ခိုက်လာနိုင်တယ်လို့ အစ္စရေးကလည်း သတိပေးထားပါတယ်။

ဒီလိုအခြေအနေမှာ ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန် အစိုးရအနေနဲ့ ဂါဇာက အစ္စရေး ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးဟာ အရှေ့အလယ်ပိုင်း တင်းမာမှုတွေဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းလို့ ယူဆနေပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းနေပါတယ်။

ဒါပေမယ့် ဟားမတ်စ်တို့ကတော့ အစ္စရေးအနေနဲ့ စားပွဲဝိုင်းမှာရှိနှင့်ပြီးသား သဘောတူညီချက်တွေကို အရင်ဆုံးအကောင်အထည်ဖော်သင့်ပြီး ဆွေးနွေးပွဲအသစ်တွေပြုလုပ်တာထက် ယခင်တုန်းက အနေအထားကို အခြေခံသင့်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဒါပေမယ့်လည်း ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ မူအားဖြင့် သဘောတူထားတယ်လို့ ဟားမတ်စ်တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်ကတော့ ယခင်ဆွေးနွေးပွဲတွေမှာ ဟားမတ်စ်တို့ အပြစ်တင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဟားမတ်စ်တို့နဲ့ သဘောတူညီချက် ရယူရေးမှာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ဟာဟုက သူ့အစိုးရအဖွဲ့ လက်ယာစွန်းဝန်ကြီးတွေရဲ့ သဘောကို လိုက်လျောခဲ့လို့ အစ္စရေးလည်း တစိတ်တပိုင်း တာဝန်ရှိကြောင်း အမေရိကန်က ရှုမြင်နေတယ်လို့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲရေး အမေရိကန်ရဲ့ တွန်းအားပေးမှုကို ပယ်ချဖို့ တိုက်တွန်းခဲ့တဲ့ အစ္စရေးညွှန့်ပေါင်းအစိုးရအဖွဲ့ဝန်ကြီးတွေထဲက ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich ကို အမေရိကန် အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပြီး ဒါဟာ မှားယွင်းတဲ့ လုပ်ရပ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တချိန်တည်းမှာပဲ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီခေါင်းဆောင်တွေကလည်း အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ တိုက်တွန်းနေကြပြီး တင်းမာမှုတွေ အလျင်အမြန်မြင့်တက်လာတာဟာ အီရန်က လက်တုံ့ပြန်တိုက်ခိုက်မှာ သေချာသလောက် အခြေအနေကြောင့်လို့ အကဲခတ်တွေက ဆိုပါတယ်။

ဟားမတ်စ်ခေါင်းဆောင် ဟာနီယာသတ်ဖြတ်ခံရပြီးနောက် အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အရေးပေါ်အစည်းအဝေးကို ဩဂုတ် ၇ ရက်မှာ ကျင်းပခဲ့ပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကာကွယ်ရေး လုပ်ဆောင်ချက်တွေမှာ အဖွဲ့ရဲ့ နားလည်မှုရဖို့ အီရန်ကလည်း ကြိုးပမ်းခဲ့ပါတယ်။

“အီရန်အနေနဲ့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ခွင့်ကို ကျင့်သုံးဖို့ကလွဲပြီး တခြားရွေးချယ်ခွင့်မရှိပါဘူး။ အခြေအနေ အချိန်အခါကြည့်ပြီး ဒါကိုလုပ်သွားရမယ်” လို့ အီရန်ယာယီနိုင်ငံခြားရေးဝန်ကြီး အလီဘတ်ဟာရီက OIC အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Ref:BBC/Reuters
Photo: Reuters/ Shutter Stock
#Voiceofmyanmar #VOM #အစ္စရေး #အီရန် #အရှေ့အလယ်ပိုင်း #တင်းမာမှု

Related posts

Leave a Comment

VOM News

FREE
VIEW