အစ္စရေးကို လက်တုံ့ပြန်မတိုက်ခိုက်ဖို့ ဥရောပနိုင်ငံတွေရဲ့ တိုက်တွန်းချက် အီရန်ပယ်ချ

 

တီဟီရန်၊ ဩဂုတ်-၁၃-၂၀၂၄
မျိုးဆက်(VOM)

အစ္စရေးကို အီရန်က လက်တုံ့ပြန်တိုက်ခိုက်မယ့်ကိစ္စကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် အမေရိကန်နဲ့ ဥရောပသုံးနိုင်ငံဖြစ်တဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်တို့ရဲ့ တိုက်တွန်းမှုကို အီရန်က ပယ်ချလိုက်ပါတယ်။

အခုလို တိုက်တွန်းချက်ဟာ နိုင်ငံရေးအရ ယုတ္တိမတန်သလို နိုင်ငံတကာဥပဒေတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“အစ္စရေးအစိုးရရဲ့ ရာဇဝတ်မှုတွေကို ကန့်ကွက်ခြင်းမရှိဘဲ ဥရောပနိုင်ငံတွေက အခုလိုထုတ်ပြန်တာဟာ အီရန်ရဲ့ အချုပ်အခြာအာဏာနဲ့နယ်မြေပိုင်ဆိုင်မှု ချိုးဖောက်ခံရတာကို တုံ့ပြန်ခြင်းမပြုဖို့ တောင်းဆိုမှုသာဖြစ်ပါတယ်” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနန်နီက ပြောပါတယ်။

အီရန်ကတော့ အစ္စရေးရဲ့ လုပ်ရပ်တွေကို တားဆီးဖို့ ဆုံးဖြတ်ထားကြောင်း သူက ပြောပါတယ်။
“ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လုပ်ရပ်တွေနဲ့ အစ္စရေးကို အနောက်အုပ်စုအစိုးရတွေရဲ့ နိုင်ငံရေးနဲ့ စစ်ရေး ကျယ်ကျယ်ပြန့်ပြန့်ကူညီပေးမှုတွေက ဂါဇာပဋိပက္ခ ဒေသတွင်းမှာ ပိုမိုကျယ်ပြန့်လာရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်” လို့ သူက ဝေဖန်ပြောဆိုပါတယ်။

ပြီးခဲ့တဲ့လက အီရန်နိုင်ငံ မြို့တော်တီဟီရန်မှာ ဟားမတ်စ်ခေါင်းဆောင် ဟာနီယာ လုပ်ကြံခံရပြီးနောက် အီရန်နဲ့မဟာမိတ် စစ်သွေးကြွအဖွဲ့တွေက အစ္စရေးကို လက်တုံ့ပြန်တိုက်ခိုက်နိုင်ခြေအပေါ် စိုးရိမ်မှုတွေ မြင့်တက်နေချိန်မှာ ဥရောပနိုင်ငံတွေက အခုလိုက် တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အဲဒီလုပ်ကြံမှုဟာ အစ္စရေးရဲ့ လက်ချက်လို့ အီရန်၊ သူ့ရဲ့မဟာမိတ် ဟားမတ်စ်နဲ့ လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာစစ်သွေးကြအဖွဲ့က စွပ်စွဲထားပြီး အစ္စရေးဘက်ကတော့ ဒီကိစ္စအပေါ် မှတ်ချက်ပြုပြောဆိုတာမရှိပါဘူး။

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #အီရန် #အစ္စရေး #လက်တုံ့ပြန်တိုက်ခိုက်မှု #ဥရောပနိုင်ငံတိုက်တွန်းချက် #ပယ်ချ

Related posts

Leave a Comment

VOM News

FREE
VIEW