စက်သုံးဆီ အခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ခရီးစဉ်ဖျက်သိမ်းခြင်းနဲ့ ရက်ရွှေ့ဆိုင်းခြင်းတွေ ရှိလာ

 

ဩဂုတ် ၁၇ – ၂၀၂၄
SN (VOM)

လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲကြောင့် အဝေးပြေးယာဉ်လိုင်းတချို့ ခရီးစဉ်ဖျက်သိမ်းခြင်းနဲ့ ရက်ရွှေ့ဆိုင်းခြင်းတွေရှိလာတယ်လို့ ယာဉ်လိုင်းတာဝန်ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ဆီအရောင်းဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရသလို တချို့ဆိုင်တွေကတော့ ဆီပြတ်လပ်နေတဲ့အတွက် အရောင်းပိတ်ထားရတဲ့အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

“အခုအချိန်မှာ ဆီကလည်း အားလုံးသိတဲ့အတိုင်း ဝယ်ရတာအရမ်းခက်လာတယ်။ ဆီမရတော့ ခရီးစဉ်တွေ အပြည့်ထွက်နိုင်ဖို့ ခက်ခဲလာတယ်။ ပြီးတော့ လက်ရှိကာလက မိုးတွင်းလည်းဖြစ်တော့ ခရီးသွားကလည်း ပါးတယ်‌လေ။ အဲဒီတော့ တခြား အထွေထွေ စရိတ်တွေနဲ့ဆို တွက်ခြေမကိုက်တော့ဘူး။ အဲဒါကြောင့် ခရီးသည် ရရှိမှု အခြေအနေပေါ်ကြည့်ပြီး အထက်ဘက်တွေကိုသွားတဲ့ ခရီးစဉ်တချို့ကို ခဏနားတာလည်း နား၊ ရက်ရွှေ့လို့ရရင်လည်း ရွှေ့ပေါ့၊ ဆီရတဲ့ကားနဲ့ ပြန်ချိန်းပေးတာမျိုးတွေရော၊ အဲဒီလို‌တွေ လုပ်နေရတယ်။ အခုလို ဖြစ်‌နေတာ ကျွန်မသိသလောက်ဆို ယာဉ်လိုင်း လေး၊ ငါးလိုင်း‌လောက်ရှိတယ်” လို့ ရန်ကုန်မြို့ရှိ အဝေးပြေးယာဉ်လိုင်းတခုမှ တာဝန်ခံတယောက်က ပြောပါတယ်။

အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းတွေဟာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ခရီးသည်ရရှိမှုတွေ နည်းပါးလာတာကြောင့် ခရီးသည်နဲ့ ကုန်စည်တွဲပြီး ပြေးဆွဲသွားလာနေကြတာ ဖြစ်ကာ လက်ရှိမှာ စက်သုံးဆီ ပြတ်လပ်မှုနဲ့ ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် ပိုပြီး တွက်ခြေမကိုက် ဖြစ်လာတယ်လို့ သိရပါတယ်။

“လူလည်းမပြည့်ဘူး၊ ကုန်စည်လေးတွေ မရဘူးဆိုရင် ကားက ပြေးဆွဲလို့ မရဘူး။ အခု ဆီကလည်း ကားဝင်းထဲကဆိုင်တွေမှာဆို မရတော့ဘူး။ မြို့ပြင်ထွက်ပြီး တန်းစီနေရတယ်။ လှိုင်သာယာဘက်တို့၊ သင်္ဃန်းကျွန်းကြီးဘက်တို့ပေါ့။ နီးစပ်ရာဆိုင်တွေမှာ တန်းစီနေရတယ်။ အဲဒါကြောင့် အရင်က ကားငါးစီးလောက် ထွက်နိုင်ရင် အခု သုံးစီးလောက်ပဲ ထွက်နိုင်တော့တယ်” လို့ နောက်ထပ် အဝေးပြေးယာဉ်လိုင်းတခုရဲ့ တာဝန်ခံက ပြောပါတယ်။

အခုလို အဝေးပြေးယာဉ်လိုင်းတွေအတွက် ပြေးဆွဲမှု အခက်အခဲတွေ ဖြစ်ပေါ်လာရတာဟာ စက်သုံးဆီဈေး မြင့်တက်နေမှုအပြင် ရန်ကုန်မြို့အပါအဝင် တခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာ စက်သုံးဆီ ဝယ်ယူရ ခက်ခဲနေတာတွေကြောင့် ဖြစ်တယ်လို့ ယာဉ်လိုင်းလုပ်ငန်းရှင်တွေက ပြောပါတယ်။

ခရီးစဉ်တခုအတွက် ကုန်ကျစရိတ်မှာ Express ကားတစီးကို ယာဉ်မောင်းခ၊ ဂိတ်ကြေး အပါအဝင် ပျမ်းမျှ ကျပ် ၁၀ သိန်းအထက် ကုန်ကျစရိတ်ရှိပြီး တချို့ခရီးစဉ်တွေက အရင်းပြန်ရပေမယ့်လည်း ရှုံးတဲ့ခရီးစဥ်နဲ့ ကြုံရတဲ့အခါတော့ ကျပ် လေးသိန်း ဝန်းကျင်အထိ အရှုံးရှိကာ အမြတ်ရရှိတဲ့ အခေါက်ရေကတော့ နည်းပါးတယ်လို့ သိရပါတယ်။

ပြည်တွင်း စက်သုံးဆီဈေးဟာ နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလက အောက်တိန်း 92 တလီတာ ကျပ် ၆၅၀ ကျော်၊ အောက်တိန်း 95 တလီတာ ကျပ် ၇၆၀ ကျော်၊ ပရီမီယမ်ဒီဇယ် တလီတာ ကျပ် ၇၀၀ ကျော်၊ ဒီဇယ် တလီတာ ကျပ် ၆၉၀ ကျော်ဝန်းကျင် အသီးသီး ရှိခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးနှစ်ကျော်ကာလမှာတော့ စက်သုံးဆီဈေးဟာ လေးဆကျော် မြင့်တက်လာခဲ့တာမှာ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခု ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ အောက်တိန်း 92 တလီတာ ၂၉၀၀ ကျပ်၊ အောက်တိန်း 95 တလီတာ ၃၀၄၅ ကျပ်၊ ပရီမီယမ်ဒီဇယ် တလီတာ ၃၁၁၅ ကျပ်၊ ဒီဇယ် တလီတာ ၂၅၆၀ ကျပ်ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပါတယ်။

Photo:CJ

#voiceofmyanmar #VOM #စက်သုံးဆီ #အခက်အခဲ #အဝေးပြေးယာဉ်လိုင်းတချို့ #ခရီးစဉ် #ဖျက်သိမ်းခြင်း #ရက်ရွှေ့ဆိုင်းခြင်း #ရှိလာ

Related posts

Leave a Comment

VOM News

FREE
VIEW