စားအုန်းဆီဈေးတက်ကာ ရှားပါးလာလို့ ဆီထွက်သီးနှံတွေ အဝယ်လိုက် ဈေးကောင်းရလာနေ

 

သြဂုတ်-၁၈၀၂၀၂၄
MS (VOM)

ပြည်တွင်းက စားသုံးဆီဈေးကွက်အတွင်း လူသုံးအများဆုံးနဲ့ စားသုံးမှုများ ခဲ့တဲ့ စားအုန်းဆီက ရှားပါးလာနေသလို ဝယ်မရတဲ့အခက်ခဲတွေရှိနေလို့ ဆီထွက်သီးနှံ အများစု ကို ဆီကြိတ်စက်တွေကနေ အဝယ်လိုက်ကာ ဈေးကောင်းရနေတယ်လို့ မန္တလေးက ပဲနှမ်းနဲ့ဆီထွက်သီးနှံ ရောင်းဝယ်နေတဲ့ ကုန်စည်ဒိုင်ဈေးကွက် ကနေသိရပါတယ်။

” အခု ဆီထွက်သီးနှံ မှန်သမျှအဝယ်လိုက်နေတယ်။ ဈေးလည်းတောက်လျှောက် တက်နေတယ်။ မြေပဲက တပိဿာ ကို အနိမ့်ဆုံး တသောင်းကနေ အမြင့်ဆုံး နှစ်သောင်းခွဲဈေးပဲ။နေကြာလည်း ဆီထွက်သီးနှံဖြစ်လို့ ပြည်တွင်းလိုအပ်ချက် အရဈေးကောင်းတယ်။ လှော်တဲ့နေကြာကဝယ်လက်မရှိဘူး။ ဆီနေကြာကိုစက်ပိုင်တွေကလိုက်ဝယ်နေတာ။ ဈေးကလည်းတောက်လျှောက်တက်နေတာ သူက အိတ်ဈေးနဲ့ တအိတ်ကို အနိမ့်ဆုံး တသိန်းခွဲကနေ အခု နှစ်သိန်းနဲ့အထက်ပေါက်ဈေးပဲ ကျန်တဲ့ မုန့်ညှင်း နဲ့နှမ်းလည်း မြေပဲ၊နေကြာလောက်ဈေးမရပေမယ့် ဈေးတက်တဲ့အထဲပါတယ်”လို့ ပဲ၊နှမ်း၊ နေကြာ ကုန်သည်တယောက်ကပြောပါတယ်။

ပြည်တွင်း ဆီစားသုံးမှုရဲ့ ၈၀ရာခိုင်နှုန်းဖြစ်တဲ့ စားအုန်းဆီကို နိုင်ငံခြားငွေနဲ့ ဆီကုန်သည်များကတင်သွင်းပြီး ကျန်တဲ့၂၀ရာခိုင်နှုန်းကို နိုင်ငံတွင်းက ဆီစက်လုပ်ငန်းတွေကနေ ကြိတ်ခွဲရောင်းချပေးနေတာဖြစ်လို့ လက်ရှိ ဒေါ်လာနဲ့နိုင်ငံခြားသုံးငွေကြေးဈေးတွေမြင့်တက်နေ ချိန် စားအုန်းဆီလျော့ချတင်သွင်းကာ ပြည်တွင်းထွက်ဆီတွေကို ပိုမိုကြိတ်ခွဲပြီး အစားထိုး စားသုံးကြဖို့ ပြင်ဆင်မှုတွေရှိကြောင်းသိရပါတယ်။

” လက်ရှိက ဆီစက်တွေကြိတ်ခွဲတဲ့ အချိန်ပါပဲ အဓိကတော့ ကုန်ကြမ်းလိုနေတာပါ။ ကုန်ကြမ်းရှားပစ္စည်းရှားရင် တော့ ဆီစက်တွေတိုင်ပတ်တာပေါ့။ လက်ရှိ ပြည်ပကဆီကရှားတာရယ် ပြည်တွင်းမှာထုတ်တဲ့ဆီ နဲ့ ဈေးမကွာတော့ လူတွေက ဒီကဆီတွေဘက် စိတ်ဝင်စားလာကြတယ်။ အဲဒီတော့ ပြည်တွင်းဆီကိုပိုတိုးထုတ်နိုင်အောင်လုပ်ရမှာပေါ့။ ဆီဖူလုံဖို့ လက်ရှိလိုအပ်နေတာ ကြိတ်မယ့် ကုန်ကြမ်းပါပဲ” လို့ ဆီစက်လုပ်ငန်းရှင် တယောက်ကပြောပါတယ်။

ဆီစက်လုပ်ငန်းတွေ အနေနဲ့ ပြည်တွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ဆီစက်ပေါင်း ၃၀၀၀ကျော်နဲ့ အသေးစားတနိုင်တပိုင်ဆီစက်ငယ်ပေါင်း ၁၀၀၀ကျော်ရှိနေတယ်လို့ဆိုပါတယ်။

” အခုကရေမြုပ်တာတွေရှိနေတော့ မြေပဲစိုက်ဖို့အချိန်တော့မဟုတ်သေးဘူး။ စိုက်တဲ့သူအချို့လည်း အဆင်ပြေမှာမဟုတ်ဖူးရေမြုပ်ကုန်မှာပဲ။ မြေပဲစိုက်ဖို့အကောင်းဆုံးရာသီက မိုးလွတ်ချိန် ဆောင်းရာသီလောက်မှ အဆင်ပြေတာ။ အခုကတော့ ပဲကလှောင်လက်အဟောင်းတွေ ဈေးရတယ်။ ဆီကြိတ်သူတွေက မြေပဲအဟောင်းဆိုပိုကြိုက်တယ်။ အသစ်ကစိုထိုင်းဆရှိတော့ လေ။ မြေပဲစိုက်တာကလည်း သွင်းအားစုဈေးကြောင့် အခုနေ လှောင်လက်ကျန်လို့ ကုန်ရောင်းချိန်ဈေးကောင်းရပေမယ့် နောက်ပြန်စိုက်ချိန် အရင်းလောက်ကျန်မှအဆင်ပြေမှာပါ”လို့ မကွေးမြို့က မြေပဲစိုက်တောင်သူ တယောက်ကပြောပါတယ်။

ဆီစားသုံးမှု အနေနဲ့ ပြည်သူတွေကြားတွင် စားအုန်းဆီ ပြီးပါက ပဲဆီကို ပထမတန်းစားဦးစားပေးအနေနဲ့ စားသုံးကာ နေကြာဆီကို ဒုတိယတန်းစားနဲ့ မုန့်ညှင်းဆီကို တတိယတန်းစားအဖြစ် စားသုံးကြကာ နှမ်းဆီကတော့ အနံ့ နဲ့အရသာ တွေကိုမကြိုက်သူများလို့ စားသုံးမှုနည်းပါကြောင်းသိရပါတယ်။

Photo:CJ

#Voiceofmyanmar #VOM #စားသုံးဆီ #ရှားပါမှု #ဆီထွက်သီးနှံ #စျေးကောင်းရ #အဝယ်လိုက်

Related posts

Leave a Comment

VOM News

FREE
VIEW