လှိုင်သာယာက ငွေပင်လယ်စက်မှုဇုန်မှာ မီးလောင်မှုဖြစ်ပွားပြီး အထည်ချုပ်စက်ရုံနဲ့ ကုန်ကြမ်းတွေ ဆုံးရှုံး

 

ဩဂုတ် ၁၈ – ၂၀၂၄
SN (VOM)

ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်မှာ ဒီကနေ့ သြဂုတ် ၁၈ ရက်၊ မနက် ၁ နာရီ ၁၅ မိနစ်ဝန်းကျင်က Level 2 အဆင့် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရပါတယ်။

ငွေပင်လယ်စက်မှုဇုန်၊ (၂) လမ်း၊ မြေတိုင်းအမှတ် (၂၄)၊ အမှတ် (၁၇) ရှိ Sewell Garment အထည်ချုပ်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပေ ၁၀၀ ကျော်ပတ်လည်ရှိ အထည်ချုပ်စက်ရုံအဆောက်အဦ တခုလုံးနဲ့ စက်ပစ္စည်းတွေ၊ အထည်ကုန်ကြမ်းတွေ အားလုံး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

“မီးလောင်တာက လောင်စာအားကောင်းနေတော့ တော်တော်နဲ့ ငြှိမ်းမရဘူး။ မီးငြှိမ်းသတ်ခဲ့ရတဲ့ အချိန်က တနာရီခွဲနီးပါးကြာတယ်။ စက်ရုံတခုလုံး ကုန်သွားတယ်။ အတွင်းရော၊ အပြင်ရော အကုန်လောင်သွားတာ” လို့ မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့သူတယောက်က ပြောပါတယ်။

မီးကိုတော့ မနက် နှစ်နာရီခွဲဝန်းကျင်းမှာ ငြှိမ်းသတ်နိုင်ခဲ့ပြီး ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် သုံးယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရကာ ဆုံးရှုံးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့အကြောင်းအရင်းကိုတော့ မြို့နယ်မီးသတ်က စာရင်းပြုစုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစက်ရုံဟာ ထိုင်ဝမ်ကုမ္ပဏီတခုနဲ့ မြန်မာတို့ ဖက်စပ်လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပြီး ဂျပန်နိုင်ငံက Yamadatatsu တံဆိပ်အတွက် အဓိက ချုပ်လုပ်ပေးတဲ့ အထည်ချုပ်စက်ရုံဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံစက်မှုဇုန်ရှိ SHIN SUNG အထည်ချုပ်စက်ရုံမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသေးတယ်။

Photo – အနာဂတ်အလင်းတန်းပရဟိတအသင်း

#voiceofmyanmar #VOM #လှိုင်သာယာ #ငွေပင်လယ်စက်မှုဇုန် #Level2အဆင့် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW