စက်သုံးဆီစျေးနှုန်းတွေ တပတ်အတွင်း ဒုတိယအကြိမ် ထပ်မံမြင့်တက်လာပြီး ဆီပြဿနာ မပြေလည်သေး

 

ဩဂုတ် ၁၈ – ၂၀၂၄
SS (VOM)

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သတ်မှတ် ထုတ်ပြန်နေတဲ့ စက်သုံးဆီ ရည်ညွှန်းစျေးနှုန်းတွေဟာ တပတ်အတွင်း ဒုတိယအကြိမ် ထပ်မံမြင့်တက်လာပေမယ့် ဆီပြဿနာကတော့ ပြေလည်မှု မရှိသေးဘူးလို့ ကုမ္ပဏီယာဉ်မောင်းတွေနဲ့ အငှားယာဉ်မောင်းတွေက ပြောပါတယ်။

ဆီကော်မတီအနေနဲ့ ဒီကနေ့ ဩဂုတ် ၁၈ ရက်မှာ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းကို ၉၂ ဓာတ်ဆီ တလီတာ ၂၉၉၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၀၄၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၂၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၂၁၀ ကျပ် စသဖြင့် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး သုံးရက်အတွင်း ကျပ် ၉၀ ကနေ ၉၅ ကျပ်ဝန်းကျင်အထိ ထပ်မံ မြင့်တက်လာတာ ဖြစ်ပါတယ်။

ဩဂုတ် ၁၆ ရက်နေ့က သတ်မှတ် ထုတ်ပြန်ခဲ့တဲ့ စက်သုံးဆီ ရည်ညွှန်းဈေးကတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၉၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၀၄၅ ကျပ်၊ ဒီဇယ် တလီတာ ၂၅၆၀ ကျပ်နဲ့ ပရီမီယံဒီဇယ် တလီတာ ၃၁၁၅ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။

“မနေ့က ကမ္ဘာအေး ဘုရားလမ်းပေါ်က New Day ဆီဆိုင်မှာ သွားတန်းစီနေတာ။ မနက် ၁၀ ကနေ စပြီး တန်းစီလိုက်တာ။ ည ၈ နာရီထိုးခါနီးလောက်မှ ဆီရတယ်။ ကားတန်းက ပြည်လမ်းက Lotte ဟိုတယ်ရှေ့နားလောက်အထိ ရောက်တယ်။ တပတ်ကြီးပတ်ပြီး တန်းစီရတာ။ ဒီနေ့ မနက် ၂ နာရီ ထပြီး ဆီတန်းစီတာ။ ကိုယ့်ရှေ့မှာ ကားက အစီး ၃၀ လောက်ရှိနေတယ်။ ညအိပ်ပြီး တန်းစီနေကြတာ။ ဆီဈေးတွေသာ ထပ်တက်လာတယ် ဆီကတော့ ပြတ်နေတုန်း” လို့ ကုမ္ပဏီယာဉ်မောင်းတယောက်က ပြောပါတယ်။

ရန်ကုန်မြို့အပါအဝင် နိုင်ငံအနှံ့အပြားမှာ စက်သုံးဆီ ဝယ်မရတဲ့ အခြေအနေနဲ့ တွေ့ကြုံနေရချိန်မှာပဲ နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်သုံးဆီတင်သင်္ဘော ၁၂ စီး မကြာမီ ထပ်မံဝင်ရောက်လာဖို့ ရှိတယ်လို့ ဩဂုတ် ၁၇ ရက်နေ့မှာ အသိပေးလာပါတယ်။

ဒါအပြင် သြဂုတ် ၁၄ ရက်က ဆီတင်သင်္ဘော တစင်း ဆိုက်ကပ်ခဲ့ပြီး ၁၅ ရက်နေ့မှာတော့ ဆီတင်သင်္ဘော လေးစင်း ထပ်မံ ဆိုက်ကပ်ခဲ့တဲ့အတွက် ရန်ကုန်ရှိ စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီပြန်လည်ရရှိနေပြီ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

လက်ရှိ သီလဝါဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စက်သုံးဆီတင်သင်္ဘောတွေကနေ 92 Ron တန်ချိန် နှစ်သောင်းခုနစ်ထောင်၊ 95 Ron တန်ချိန် ၃၀၀၀ ကျော်၊ ရိုးရိုးဒီဇယ် တန်ချိန် ၆၀၀၀ ကျော်နဲ့ ပရီမီယံဒီဇယ် တန်ချိန် နှစ်သောင်းနှစ်ထောင်တို့ကို ဆိပ်ကမ်းချနေပြီ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

“ဆီဈေးတက်လာရင် သေချာပေါက် ဆိုင်တိုင်းမှာ ဆီရ ရမှာပေါ့။ ဒါပေမယ့် ခုထိတော့ မရသေးဘူး။ နောက် တရက်၊ နှစ်ရက်အတွင်း ပြေလည်သွားမလားတော့ မပြောတတ်ဘူး” လို့ အငှားယာဉ်မောင်းတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ ရန်ကုန်နဲ့ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်အများစုမှာ ဆီပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး လက်ရှိမှာ ဆီပြတ်လပ်နေတာဟာ အချိန်ကာလအားဖြင့် သုံးပတ်ကျော် ကြာမြင့်လာနေပြီ ဖြစ်ပါတယ်။

Photo:CJ

#voiceofmyanmar #VOM #စက်သုံးဆီ #ရည်ညွှန်းဈေး #တပတ်အတွင်း #ဒုတိယအကြိမ် #ထပ်မံ #မြင့်တက် #ဆီပြဿနာ #မပြေလည်သေး

Related posts

Leave a Comment

VOM News

FREE
VIEW