အာရှဒေသ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်မှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရမှု ပထမဆုံးတွေ့

 

မနီလာ၊ ဩဂုတ်-၁၉-၂၀၂၄
မျိုးဆက်(VOM)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးအရေးပေါ်အခြေအနေ ကြေညာထားတဲ့ မျောက်ကျောက်ရောဂါ ပထမဆုံးကူးစက်မှုကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ဒီနေ့ ဩဂုတ် ၁၉ ရက်မှာ ပြောပါတယ်။

ရောဂါနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေသိရဖို့ စစ်ဆေးမှုရလဒ်တွေကို စောင့်နေပြီး ဒါဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနောက်ပိုင်း နိုင်ငံတွင်းမှာ မျောက်ကြောက်ရောဂါ ပထမဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။

လူနာဟာ ခရီးသွားရာဇဝင်မရှိတဲ့ အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသားဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကွန်ဂိုအပါအဝင် အာဖရိက နိုင်ငံတွေမှာ ကူးစက်မှု မြင့်တက်လာပြီးနောက် ရောဂါကို အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်မာရေးအဖွဲ့က ကြေညာခဲ့ပါတယ်။

ဒါအပြင် ပါကစ္စတန်နိုင်ငံမှာလည်း ပင်လယ်ကွေ့ဒေသက ပြန်လာသူတယောက်မှာ မျောက်ကျောက်ရောဂါ ကူးစက်မှု စတင်တွေ့ရှိခဲ့တယ်လို့ အာဏာပိုင်တွေက မနေ့ကပြောပါတယ်။ အာဖရိကဒေသ ပြင်ပမှာ ပထမဆုံးကူးစက်မှုအဖြစ် ဆွီဒင်မှာ ပြီးခဲ့တဲ့တပတ်က ပိုးတွေ့လူနာ တယောက် စတွေ့ခဲ့ပါတယ်။

ဗိုင်းရပ်စ်ရဲ့ ကူးစက်မှုပုံစံဟာ ပုံမှန် အနီးကပ်ထိတွေ့မှုကနေလည်း ကူးစက်နိုင်တာကြောင့် ကူးစက်မှုတွေ မြင့်တက်လာမှာကို ကမ္ဘာ့နိုင်ငံတွေက စိုးရိမ်နေကြပြီး လက်ရှိမှာလည်း မျိုးကွဲတခု ထပ်မံထွက်ပေါ်နေပါတယ်။

ဒီရောဂါကူးစက်ခံရရင် ခန္ဓာကိုယ်အနှံ့မှာ အဖုအပိန့်အနာတွေပေါက်ပြီး အပြင်းဖျားနာမှုတွေခံစားရလေ့ရှိပြီး ကူးစက်ခံရသူ ၁၀၀ မှာ လေးယောက်နှုန်း သေဆုံးနေပါတယ်။

Ref:CNA
Photo:Getty Images

#Voiceofmyanmar #VOM #ဖိလစ်ပိုင် #ပါကစ္စတန် #မျောက်ကျောက်ရောဂါ #ကူးစက်မှု #စတင်တွေ့ရှိ

Related posts

Leave a Comment

VOM News

FREE
VIEW