ထားဝယ်က မျောက်ကျောက် သံသယလူနာ ရောဂါကူးစက်မှု မတွေ့ရ

စက်တင်ဘာ ၇ – ၂၀၂၄
SN (VOM)
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာတွေ့ရှိတဲ့ မျောက်ကျောက် သံသယလူနာ တယောက်ရဲ့ ဓာတ်ခွဲစစ်ဆေးမှု ရလဒ်အရ မျောက်ကျောက်ရောဂါ မတွေ့ရှိရဘူးလို့ အဲဒီဆေးရုံနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
အဲဒီ လူနာဟာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက်နေ့မှာ စတင်ဖျားကာ အရေပြားမှာ အဖုအပိန့်တွေ ထွက်ရှိလာတာကြောင့် စက်တင်ဘာ ၂ ရက်နေ့မှာ ပုဂ္ဂလိကဆေးရုံကို သွားရောက်ပြသစဥ် မျောက်ကျောက်ရောဂါ သံသယလက္ခဏာလို့ ဆေးရုံက ယူဆခဲ့တဲ့အတွက် ထားဝယ်ပြည်သူ့ဆေးရုံကြီးကို တက်ရောက် ဆေးကုသမှု ခံယူခဲ့ရတာဖြစ်ပါတယ်။
“သူ့ကို သီးသန့်ခွဲထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။ စက်တင်ဘာ ၄ ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ Negative ထွက်တယ်။ မျောက်ကျောက်ရောဂါ မတွေ့ရှိရဘူးလို့ သိရပါတယ်။ ကျန်းမာရေးလည်း ကောင်းနေပါပြီ” လို့ အဲဒီဆေးရုံနဲ့ နီးစပ်တဲ့ ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
ထားဝယ်မြို့မှာ မျောက်ကျောက် သံသယလူနာ နှစ်ယောက် တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ် တယောက်ကိုတော့ ဓာတ်ခွဲစစ်ဆေးဖို့ လုပ်ဆောင်နေဆဲဖြစ်ကာ ဆေးစစ်ချက်အဖြေ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
ထပ်မံ တွေ့ရှိထားတဲ့ မျောက်ကျောက်ရောဂါ သံသယလူနာကတော့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတယောက်ဖြစ်ကာ စက်တင်ဘာ ၅ ရက်နေ့မှာ ပုဂ္ဂလိကဆေးရုံကို လာရောက်ပြသစဥ် သံသယရှိသူအဖြစ် သတ်မှတ်ခံရပြီး ထားဝယ်ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိမှာတော့ အဲဒီ လူနာနှစ်ယောက်လုံးကို သီးသန့်အဆောင်မှာ ခွဲထားပြီး ဆေးဝါးကုသမှု ပေးနေပါတယ်။ Negative ထွက်တဲ့ လူနာကိုလည်း သီးသန့်ထားပြီး အခြေအနေ ဆက်စောင့်ကြည့်နေတယ်” လို့ သူက ပြောပါတယ်။
အဲဒီ အမျိုးသမီး နှစ်ယောက်လုံးဟာ ထားဝယ်မြို့မှာ နေထိုင်သူတွေဖြစ်လို့ လူနာတွေရဲ့ မိသားစုဝင်တွေကို Stay Home အဖြစ် နေအိမ်မှာပဲနေထိုင်ကြဖို့ ကျန်းမာရေးဌာနက အသိပေးထားတယ်လို့ သိရပါတယ်။
ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကု ဆရာဝန်တယောက်ဖြစ်တဲ့ ဒေါက်တာကျော်မင်းထွန်းကတော့ မျောက်ကျောက်ရောဂါဟာ ရေကျောက်ရောဂါလို တခြား အရေပြားရောဂါတွေနဲ့ ဆင်တူယိုးမှား ဖြစ်တတ်တဲ့အတွက် သံသယလူနာတွေ့ရှိတာနဲ့ ချက်ချင်း သီးသန့်ခွဲထားပြီး စောင့်ကြည့် ဆေးကုသမှုပေးတာကသာ အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ ပြောပါတယ်။
“အခုကာလက ရာသီတုပ်ကွေးပုံစံမျိုး ဖျားတယ်၊ နှာစေးတယ်၊ ချောင်းဆိုးတယ်၊ မျောက်ကျောက်ပုံစံမျိုး အရေပြားမှာ အင်ပြင်ကြီးလို ထတယ်။ အရေကြည်ဖုလို အဖုအပိန့်လေးတွေ ပေါ်တယ်ပေါ့။ အဲဒီလိုပုံစံမျိုး လူနာတွေက ဒီကာလမှာ နည်းနည်းများတယ်။ များတယ်ဆိုတာကလည်း မိုးတွင်းလည်းဖြစ်တယ်၊ အရေပြားအနာလိုမျိုး ပုံစံတွေလည်း ရှိတယ်ဆိုတော့ ပုံစံကတော့ ဟိုမရောက်ဒီမရောက်နဲ့ တချို့ကျတော့ ရေကျောက်လိုပုံစံမျိုး အနာတွေပေါ့။ ဒီကာလမှာ ရေကျောက်ပေါက်ကြတာလည်းရှိတယ်။ အဲဒီလိုပုံစံတွေက မျောက်ကျောက်နဲ့ တူနေကြတာပေါ့။ ရောဂါခွဲခြားဖို့ကတော့ အဓိက အကောင်းဆုံးကတော့ ဖြစ်ဖြစ်ချင်း လူနာနဲ့သီးခြားခွဲနေ၊ ပြီးတော့ အနာကို Swab ယူမယ်၊ စစ်ဆေးပြီး ခွဲခြမ်းစိတ်ဖြာမယ်ဆိုရင် အဖြေတခုထွက်လာမှာပါ” လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
လက်ရှိကာလမှာ အရေပြားနာ၊ ရေကျောက်ပုံစံမျိုး အနာတွေ၊ ဝဲပုံစံမျိုး အနာတွေအပြင် allergic ပုံစံမျိုး အရေပြားမှာ အင်ပြင်ကြီးတွေလည်း တွေ့ရတတ်ကာ တချို့ကျတော့လည်း ဖျားနာတာနဲ့တွဲပြီး ဖြစ်တတ်တယ်လို့ သူက ပြောပါတယ်။
အဲဒီလို အရေပြားနာတွေကလည်း တယောက်ကနေ တယောက် ကူးစက်မှု ဖြစ်ပွားတတ်တာကြောင့် ရောဂါဖြစ်တဲ့သူနဲ့ သီးသန့်ခွဲနေပြီး ရောဂါ ဆိုးရွားလာရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆေးကုသမှုပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
“လူနာကို စောင့်ကြည့်ဖို့ကတော့ ဒီထက် ရောဂါမဆိုးဘူးဆိုရင်တော့ ပြဿနာမရှိဘူးပေါ့။ ရောဂါဆိုးလာရင်တော့ ဆေးရုံ၊ ဆေးခန်းတွေမှာသွားပြီးတော့ ကုသမှုခံယူဖို့ လိုတာပေါ့။ သီးသန့်ခွဲပြီး စောင့်ကြည့်ဖို့ကတော့ ပုံမှန်ဆိုရင်တော့ နှစ်ပတ်၊ သုံးပတ် ဆိုရင်တော့ ရောဂါပျောက်တယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အရေပြားနာ၊ အရေကြည်ဖုလို ပုံစံမျိုးတွေကတော့ ငါးရက်၊ တပတ်လောက်ဆိုရင် ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါလူနာ မတွေ့ရှိရသေးပါဘူး” လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ သံသယလူနာ တွေ့ရှိခဲ့ရင် ရန်ကုန်မြို့က ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားဖို့အတွက် ပြင်ဆင်ထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါ ကူးစက်မှုကို အရေးပေါ်အခြေအနေအဖြစ် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့မှာ ကြေညာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မျောက်ကျောက်ရောဂါဟာ ကမ္ဘာ့နိုင်ငံအချို့နဲ့ မြန်မာ့အိမ်နီးချင်း နိုင်ငံတချို့မှာပါ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
မျောက်ကျောက်ရောဂါ သံသယဖြစ်နိုင်တဲ့ လက္ခဏာတွေက မျက်စိ၊ ပါးစပ်၊ လက်နဲ့ ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နဲ့ လိင်အင်္ဂါ စတဲ့ နေရာတွေမှာ အနီကွက်ထွက်တာနဲ့ အရည်ကြည်ဖုပေါက်တာအပြင် ဖျားနာတာ၊ အကျိတ်တွေရောင်ရမ်းတာနဲ့ လည်ချောင်းနာ၊ ခေါင်းကိုက်၊ ကြွက်သားတွေနာကျင်ပြီး ကျောအောင့်တာ အပါအဝင် မောပန်းနွမ်းနယ်တဲ့ ဝေဒနာတွေကို ခံစားရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW