မြန်မာ – အိန္ဒိယနယ်စပ်က ဖျားနာနေတဲ့ စစ်ရှောင်တွေ ဆေးဝါးကုသခွင့်မရလို့ အသက်ဆုံးမှုတွေ ရှိလာ



စက်တင်ဘာ ၇ – ၂၀၂၄
SS (VOM)

မြန်မာ – အိန္ဒိယနယ်စပ်၊ ဥခရုလ်ခရိုင်က ဖျားနာနေတဲ့ စစ်ရှောင်တွေ ဆေးဝါးကုသခွင့်မရလို့ အသက်ဆုံးမှုတွေ ရှိလာတယ်လို့ အဲဒီ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။

လက်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ ကလေးငယ်တွေအပါအဝင် လူကြီး၊ လူငယ် အများအပြား ဖျားနာနေကြပြီး ဆေးကုသဖို့အတွက် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေသလို လူသားချင်းစာနာမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“ဆေးကုလို့ ပျောက်မယ့် ရောဂါတွေဖြစ်ပေမယ့် အသက်ဆုံးရှုံးနေရတာ။ သေချာကုသလို့ရမယ့် ဆေးက လုံလုံလောက်လောက် ရှိဖို့ လိုအပ်နေတာ။ အားဆေးတွေလည်း လိုအပ်တယ်။ ဖြစ်တာက ဝမ်းပျက်ဝမ်းလျှောနဲ့ ရာသီတုပ်ကွေးက အများဆုံးဖြစ်နေတာ။ အမျိုးသမီး လစဥ်သုံးပစ္စည်းတွေလည်း အရမ်းကိုလိုအပ်နေတယ်။ အခုအခြေအနေနဲ့ စျေးကလည်း အဆမတန်ကို တက်လာတာတော့ ဝယ်ယူဖို့ အဆင်မပြေတာနဲ့ရောဆိုတော့ အတော်လေး အခက်တွေ့နေရတယ်” လို့ စစ်ရှောင်တွေကို ကူညီပေးနေသူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကလည်း စစ်ဘေးရှောင် အမျိုးသမီးငယ်တယောက် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသလို စက်တင်ဘာ ၂ ရက်နေ့ကလည်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် လသားအရွယ် ကလေးငယ်တယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အခု ၂၀၂၄ ခုနှစ်၊ ဇူလိုင်လလယ် လောက်ကစပြီး မိုးကြီးရေလျှံမှုကြောင့် စစ်ဘေးရှောင်စခန်း တခုလုံးနီးပါး ရေမြုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာမှာ ရေကျသွားခဲ့ပေမယ့် စစ်ဘေးရှောင်တွေဟာ သန့်ရှင်းတဲ့သောက်သုံးရေ မရရှိတော့တဲ့အတွက် ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေး၊ ငှက်ဖျား စတဲ့ ရောဂါတွေကို အခုချိန်ထိ ခံစားနေကြရတယ်လို့ သိရပါတယ်။

အဲဒီ စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၄၀၀ ကျော်နဲ့ လူဦးရေ ၁၀၀၀ ကျော်နေထိုင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက စားနပ်ရိက္ခာတွေနဲ့ လိုအပ်တာတွေ ကူညီပေးနေပေမယ့်လည်း စစ်ဘေးရှောင်တွေအတွက် လုံလောက်မှုမရှိ ဖြစ်နေတာကြောင့် အကူအညီများစွာ လိုအပ်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW