စက်တင်ဘာ ၈- ၂၀၂၄
SS (VOM)
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှု ကန့်သတ်ချက်တွေကြောင့် ကျေးရွာတချို့ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်ကစတင်ပြီး ပြည်နယ်အတွင်း ကုန်စည်ဝင်ရောက်မှုတွေကို အာဏာပိုင်တွေဘက်က ကန့်သတ်မှုတွေ လုပ်ခဲ့ပြီး စက်တင်ဘာ လဆန်းပိုင်းမှာတော့ ပိုမိုတင်းကြပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ဒီဘက်ကို ဆန်က လုံးဝသယ်လို့ကို မရတော့တဲ့ ပုံစံဖြစ်နေတယ် ။ သယ်လာရင်လည်း ဂိတ်မှာ အကုန်ထားခဲ့ရတာပဲ။ ဆန်လှောင်ထားတဲ့လူတွေကတော့ အရမ်းစိတ်မပူရသေးဘူးပေါ့။ တနေ့လုပ်တနေ့စား မိသားစုတွေကတော့ စားရေးသောက်ရေး တော်တော်ကို ခက်ခဲလာတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ရိက္ခာပြတ်လပ်မှုတွေကြောင့် တချို့ ဒေသခံတွေဟာ ပုံမှန်ချက်ပြုတ်စားသောက်တဲ့ ဆန်ပမာဏထက် လျှော့ချပြီး စားသောက်နေရသလို အခြားရိက္ခာတွေကို အစားထိုး စားသုံးလာရတာတွေလည်း ရှိလာတယ်လို့ သိရပါတယ်။
“ဆန်ကို ၁၀ ပြည်နဲ့အထက် ပိုမသယ်ရလို့ ကန့်သတ်ထားတုန်းကတောင် စားစရာမရှိ ဖြစ်နေတာ။ အခုဆို ပိုဆိုးတာပေါ့။ ဒီက ရှိတဲ့ဆန် ဝယ်စားဖို့ကလည်း ဈေးတွေကကြီးနဲ့ အဆင်မပြေဘူး။ ငါးလည်း ဖမ်းလို့မရ၊ အလုပ်အကိုင်တွေကလည်း ရှားရတဲ့အထဲ တခုပြီးတခု အပိတ်ခံရတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ အကုန်ဒုက္ခရောက်နေကြတာ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။
အခုလက်ရှိ ဆန်စျေးနှုန်းမှာလည်း တအိတ်ကို ကျပ် နှစ်သိန်းကျော်ကနေ ကျပ် သုံးသိန်းဝန်းကျင်အထိ မြင့်တက်နေပြီး ဆန်စျေး မတည်ငြိမ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ တကျော့ပြန် တိုက်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်ကစလို့ ရခိုင်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုကန့်သတ်မှုတွေကြောင့် စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်တွေ ရှားပါးပြတ်လပ်ပြီး စျေးကြီးမြင့်မှုနဲ့ ကြုံတွေ့နေရပါတယ်။
Photo:CJ
Related posts
-
ထရန့်-ပူတင် ထိပ်သီးဆွေးနွေးပွဲ ဆော်ဒီနဲ့ ယူအေအီးမှာ ပြုလုပ်ဖွယ်ရှိ
မော်စကို၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ရုရှားသမ္မတပူတင်တို့အကြား ထိပ်သီးဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနဲ့ ယူအေအီးတို့မှာ... -
နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) ကို ပိတ်ဖို့လုပ်နေတယ်လို့ အီလွန်မတ်ပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ မျိုးဆက်(VOM) အမေရိကန် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ(USAID) ကို ပိတ်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့... -
ကနေဒါနဲ့ မက္ကဆီကိုတို့အပေါ် အမေရိကန်ရဲ့ အခွန်ကောက်ခံမှု ရက် ၃၀ ဆိုင်းငံ့ပေး
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အိမ်နီးချင်းနှစ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေး၊ ရာဇဝတ်မှုတိုက်ဖျက်ရေးတွေနဲ့ပတ်သက်ပြီး လိုလျောညီထွေ...