အရေးယူ နှိမ်နင်းနေပေမယ့် တာချီလိတ်မှာ ကျားဖြန့်လုပ်ငန်းအများအပြား ဆက်လက်လုပ်ကိုင်နေ



စက်တင်ဘာ ၈၊ ၂၀၂၄
Shy V (VOM)

ကျားဖြန့် နှိမ်နင်းရေးတွေ လုပ် နေပေမယ့် တာချီလိတ်မှာ လက်ရှိအထိ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ် လုပ်ငန်းအများအပြား ဆက်လက်လည်ပတ် လုပ်ကိုင်နေကြဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“တာချီလိတ် မြို့မှာတော့ တရုတ် ကျားဖြန်လုပ်ငန်းများ ဆက်လည်ပတ်နေဆဲပဲ။ အရင်လို အုံလိုက် ကျင်းလိုက် မဟုတ်ပေမယ့် လည်ပတ်နေဆဲပဲ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

တရုတ်နိုင်ငံသား ကျားဖြန်လုပ်သူတွေနဲ့ အွန်လိုင်းလိမ်လည်မှု ကျွမ်းကျင်သူ ရာထူးကြီးပိုင်းတွေဟာ နယ်ခံအာဏာပိုင်တွေကို လိုင်းကြေး၊ လမ်းကြေး အများအပြား ပေးထားကြတာကြောင့် အဖမ်းအဆီးရှိရင် ကြိုတင်သတင်း ရကြလို့ ကြိုတင် ရှောင်ထားကြတာလို့ သူက ပြောပါတယ်။

“ရှန်းလိုက် ဆိုတဲ့ အပန်းဖြေတဲ့ဝန်းမှာ ကျားဖြန့် လုပ်သူတွေ အုပ်စုလိုက် လာဖြုန်းနေကြတာ။ လည်ပတ်သမျှ ကျားဖြန့် တရုတ်တွေ ကို လုံခြုံရေး အပြည့်၊ အဖမ်းမခံရအောင် လည်း အာမခံ ပေးတယ်။ အကြိုအပို့ပါ အဲဒီရှန်းလိုက် အပန်းဖြေစခန်းက ဝန်ဆောင်မှု ပေးတယ်” လို့ မျက်မြင် တွေ့ခဲ့တဲ့ အမျိုးသား တယောက်က ပြောပါတယ်။

ပြည်သူ့စစ်တွေ နဲ့ နယ်မြေခံ ခရိုနီတွေ တာဝန်ယူ ဖွင့်လှစ်ထားတဲ့ မြို့ပေါ် နဲ့ မြို့ပြင် က နေရာတော်တော်များများမှာ ကျားဖြန့်လုပ်သူတွေ သီးသန့် အနားယူ အပန်းဖြေဖို့ ဖွင့်လှစ် ထားတဲ့ အနှိပ်ခန်း၊ KTV လောင်းကစားနေရာ ဟိုင်းခန်းနေရာ တချို့မှာ ဆက်ရှိနေဆဲ ဖြစ်ပြီး အဲဒီလိုမျိုး အပန်းဖြေရာ နေရာတွေမှာတော့ KTV, အနှိပ်ခန်းတွေ အပြင် ပြည့်တန်ဆာခန်း တွေ ပါရှိပြီး KTV မှာလည်း အဆင့်မြင့် မူးယစ်ဆေးဝါး ဖြစ်တဲ့ K (ကက်တမင်း) နဲ့ Happy Water တွေပါ ပေါပေါသီသီ ရနိုင်တယ်လို့ ဆိုပါတယ်။

“အရင်က ကျားဖြန်နဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသား သောင်းနဲ့ ရှိတာ။ အခုက တသောင်းလောက်တော့ ရှိနိုင်သေးတယ်။ ကျားဖြန့် လုပ်တဲ့ သူတွေထဲမှာ ၉၅ ရာခိုင်နှုန်းက တရုတ် နိုင်ငံသားတွေပဲ။” လို့ သူက ရှင်းပြပါတယ်။

ကျားဖြန့် လုပ်ငန်း အကြောင်းပြချက်နဲ့ လောက်ကိုင်ကို MNDAA က သိမ်းသွားပြီးနောက် ရှမ်းအရှေ့ ကျိုင်းတုံက တြိဂံတိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း ကိုယ်တိုင်ဦးဆောင်ပြီး ကျားဖြန်တွေကို သုံး ကြိမ်ထက်မနည်း ဖမ်းဆီး နှိမ်နှင်းခဲ့တာရှိတယ်လို့ သူက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း လွန်းကျိုင်းလမ်းရှိ နေအိမ်အမှတ် (မ-၃/၂၃၂)မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၈၈ ယောက်၊ အမျိုးသမီး ၇ ယောက် စုစုပေါင်း ၂၉၅ ယောက်နဲ့ ဇွန်လ ၂၄ ရက်နေ့က တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်အတွင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနဲ့ မနီးမဝေး ၄ လမ်းရှိ နေအိမ်ခြံဝန်းအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင် နေတဲ့ အထောက်အထားမဲ့ တရုတ်နိုင်ငံသား အယောက် ၁၀၀ နီးပါး ဖမ်းဆီးရမိခဲ့သလို ဘုရင့်နောင်ေဈးနား ဝမ်းကောင်း ရပ်ကွက်မှာလည်း ကျားဖြန့် အွန်လိုင်းငွေလိမ် လုပ်ငန်း လုပ်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၆၀ ခန့် ဖမ်းဆီးမိခဲ့ပါသေးတယ်။

အခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့က တာချီလိတ် ဆန်ဆိုင်း က ရပ်ကွက်ရှိ 1G1-7 ဟိုတယ်ဘေးရှိ အွန်လိုင်း လောငကစားရုံမှာ ကျားဖြန့် အွန်လိုင်းငွေလိမ် ဝန်ထမ်း တရုတ်နိုင်ငံသား တယောက်၊ ထိုင်းနိုင်ငံသား ၁၅၄ ယောက်၊ အသက် ၁၈ နှစ်အောက် ၅၈ ဦး၊ မြန်မာနိုင်ငံသား ၄၈၄ ဦး စုစုပေါင်း ၆၉၇ ဦး ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

တာချီလိတ်မှာ ကျားဖြန့်လုပ်ငန်းတွေကို ၂ဝ၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ပထမပတ်ကစ ဖမ်းဆီးလာလို့ ကျားဖြန့်လုပ်ငန်းလုပ် တရုတ်နိုင်ငံသားအချို့မှာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက် ထွက်ပြေးသွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်းမှာ အွန် လိုင်းလိမ်လည် လုပ်ငန်းလုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ တရုတ်နိုင်ငံသား အမျိုးသား ၄၇၅ ယောက် နဲ့ အမျိုးသမီး အယောက်၂၀ ကို ဖမ်းဆီးရမိခဲ့တာပါ။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ ကနေ ၂၀၂၄ ခုနှစ် ေဖဖော်ဝါရီလ ၈ ရက်နေ့အထိ နယ်စပ်ဒေသတွေမှာ တရားမဝင် လာရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား ငါးသောင်းခန့်၊ ဗီယက်နမ် ၁ဝ၇၁ ယောက်၊ အိန္ဒိယ လေးယောက်၊ ထိုင်း ၅၃၇ ယောက်၊ မလေးရှား ၁၃၃ ယောက်၊ စင်္ကာပူ နှစ် ယောက်၊ ထိုင်ဝမ် လေး ယောက်၊ တောင်ကိုရီးယား ၂ဝ ယောက် နဲ့ ယူဂန်ဒါ တ ယောက်တို့ကို သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည်လွှဲပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW