ရန်ကုန် – မန္တလေး မီးရထားလမ်း တံတားတစင်း ရေတိုက်စားပျက်စီးမှုကြောင့် ရထားပြေးဆွဲမှု ယာယီရပ်နား

စက်တင်ဘာ ၁၂ – ၂၀၂၄
SN (VOM)
ရန်ကုန် – မန္တလေး မီးရထားသံလမ်းရှိ တံတားတစင်း ရေတိုက်စားခံရပြီး တံတားသံဘောင်ထောက်တိုင် ပြုတ်ထွက်သွားတဲ့အတွက် ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်းမှ စတင်ကာ ရထားခရီးစဥ် ပြေးဆွဲမှုတွေ ယာယီရပ်နားထားရတယ်လို့ မြန်မာ့မီးရထားမှ အသိပေးကြေညာထားပါတယ်။
ပျော်ဘွယ်မြို့ရဲ့ တောင်ဘက် သုံးမိုင်ခန့်အကွာ၊ ကျောင်းကုန်း ကျေးရွာအနီး ရန်ကုန် – မန္တလေး မီးရထားသံလမ်း မိုင်တိုင်အမှတ် (၂၈၅) အနီး၊ အမှတ် (၁) သံလမ်းပေါ်က သံဘောင်တံတား ထောက်တိုင်တွေ ရေတိုက်စားခံရပြီး ပြုတ်ထွက်သွားတဲ့အတွက် မီးရထားလိုင်း ပြေးဆွဲမှုတွေ ရပ်နားထားရတာဖြစ်တယ်လို့ သိရပါတယ်။
“လူစီးတွေရော၊ ကုန်ပစ္စည်းတင်တဲ့ ရထားတွေရော အကုန် ရပ်နားလိုက်တာလို့ သိရတယ်။ ဘယ်နေ့၊ ဘယ်အချိန် ပြန်ပြေးဆွဲနိုင်မယ် ဆိုတာကိုလည်း မသိရသေးပါဘူး။ အခုအချိန်အထိ မိုးကလည်းရွာနေတုန်း၊ ရေကလည်း ရေစီးတအားသန်နေတုန်းဆိုတော့ ပြောရခက်တယ်။ ရထားခရီးစဉ်အတွက် လက်မှတ် ကြိုဝယ်ထားတဲ့သူတွေအတွက် ဘယ်လိုပြန်လုပ်ပေးမလဲ ဆိုတာကလည်း ဆွေးနွေးနေတုန်းပဲလို့ သိရတယ်” လို့ မြန်မာ့မီးရထားနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
မီးရထားတွေ ပုံမှန်ပြန်လည် ပြေးဆွဲနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သံဘောင်တံတားကို အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အသိပေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ရေကြီးရေလျှံမှုကြောင့် လမ်းတံတား ပျက်စီးမှုတွေ ဖြစ်ပေါ်လျက်ရှိတာမှာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်မှာလည်း မိုးရွာသွန်းပြီး ပေါင်းလောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ကျည်တောင်ကျေးရွာနဲ့ သာယာဝှမ်းကျေးရွာ ရွာချင်းဆက် မြစ်ကူးသစ်သားတံတား ပေ ၁၅၀ ခန့် ကျိုးပဲ့ပျက်စီးခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
တံတားကျိုးပျက်မှုကြောင့် လူနဲ့တိရစ္ဆာန် ထိခိုက်မှုမရှိဘူးလို့ သိရပြီး လက်ရှိမှာ ပေါင်းလောင်းဆည် ရေပိုလွှဲကလည်း အရင်ကထက်ပိုပြီး ရေကျဆင်းနေတဲ့အတွက် ရေဆက်လက် မြင့်တက်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ တံတားအထက် ၃ ပေ‌ ဝန်းကျင်လောက်အထိ ရေမြင့်တက်နေပြီး ရေစီးအရမ်းသန်နေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တံတားကို ပိတ်ဆို့တားမြစ်ထားတယ်လို့ သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW