စစ်တောင်းမြစ်ဘေးရှိ ရွာတွေမှာ ရေဘေး ပိတ်မိနေသူတွေ ဆက်ရှိနေ

စက်တင်ဘာ ၁၅ – ၂၀၂၄
SS (VOM)
ရေကြီးမှုကြောင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်က စစ်တောင်းမြစ်နံဘေးရှိ ကျေးရွာတွေမှာ နေအိမ်တွေအတွင်း ပိတ်မိနေသူတွေ ရှိနေသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်၊ ညပိုင်းကစပြီး ရေတာရှည်မြို့နယ်အတွင်းက စစ်တောင်းမြစ်ကမ်းဘေးရှိ ကျေးရွာတွေအတွင်း ရေဝင်ရောက်ခဲ့တာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နိုင်သူတွေရှိခဲ့သလို နေအိမ်တွေအတွင်း ပိတ်မိနေသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“မြစ်ကမ်းဘေး တချို့ရွာတွေက ခုချိန်ထိ ကယ်ဆယ်ရေးမရောက်သေးပါဘူး။ စားစရာတွေလည်း မရှိတော့ဘူး။ ကယ်ဆယ်ရေး လုပ်နေတဲ့သူတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီ ဆက်သွယ်ပြီး အကူအညီ တောင်းကြည့်တော့လည်း အဓိကအခက်ခဲက လှေဖြစ်နေတယ်။ လှေမရှိလို့ လာဖို့အဆင်မပြေကြဘူးပြောတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်တောင်းမြစ်ရေဟာ စက်တင်ဘာ ၁၂ ရက်၊ ညပိုင်းမှစတင်ကာ မြစ်နံဘေးရှိ တာဘောင်ကို ကျော်ကျလာပြီး ကျေးရွာတွေအတွင်း လူတရပ်ကျော်တဲ့အထိ ရေဝင်ရောက်ခဲ့တဲ့အတွက် အနိမ့်ပိုင်းနေရာတွေမှာ လူနေအိမ် နစ်မြုပ်တဲ့အထိ ရေဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရေစီးကလည်းသန်နေတော့ လှေအသေးလေးတွေနဲ့ သွားဖို့ကလည်း လုံးဝအဆင်မပြေဘူး။ လှိုင်းဒဏ်ခံနိုင်တဲ့ လှေအကြီးကြီး ရှိရင်တော့ အဆင်ပြေလောက်မယ်။ အဲဒီလှေရဖို့ကလည်း လတ်တလောမှာ အခက်အခဲတွေ ရှိနေတယ်။ တချို့ နေရာတွေကိုတော့ သွားရောက် ကယ်ဆယ်နိုင်တာရှိပေမယ့် လှေအခက်အခဲကြောင့် နေရာတိုင်းကို မရောက်နိုင်သေးဘူးဖြစ်နေတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတယောက်က ပြောပါတယ်။
လက်ရှိမှာ စစ်တောင်းမြစ်ကမ်း နံဘေးရှိ ရေကြီးမှုကြုံနေရတဲ့ ကျေးရွာတွေက ဒေသခံတချို့ဟာ မြို့ပေါ်နဲ့ အနီးအနားရှိ ကုန်းမြင့်တဲ့ ကျေးရွာတွေမှာ ရေဘေးရှောင်နေကြရတာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်ကလည်း ရေတာရှည်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ မယ်ဒက်ကယ် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ရေဘေးရှောင်ပြည်သူတွေ နေထိုင်တဲ့ အဆောက်အအုံပေါ် သစ်ပင်လဲကျခဲ့တာကြောင့် လူထိခိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
“အဲဒီဖြစ်စဉ်မှာ အမျိုးသမီးတယောက် သေဆုံးခဲ့တာပေါ့။ ဒဏ်ရာရတဲ့သူတွေကတော့ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက် စုစုပေါင်း သုံးယောက် ဖြစ်ပါတယ်။ လက်ရှိမှာသူတို့ကို ရေတာရှည်မြို့နယ် ဆေးရုံကနေ နေပြည်တော်ကုတင် (၁၀၀၀) ဆေးရုံကြီးကို လူနာတင်ယာဥ်တွေနဲ့ ပို့ဆောင်ထားပါတယ်” လို့ ကယ်ဆယ်ရေး လုပ်ဆောင်နေသူက ပြောပါတယ်။
ဆက်လက်ပြီး အဲဒီ စက်တင်ဘာ ၁၃ ရက်နေ့မှာပဲ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၂၁ ရွာမှ ရေဘေးသင့် ပြည်သူတွေကို ကယ်ထုတ်နေတဲ့ PDF နှစ်ယောက် ရေစီးထဲမျောပါမှု ဖြစ်ပွားခဲ့ပြီး တယောက်ကိုတော့ အသက်ရှင်ရက် ပြန်တွေ့ခဲ့ပေမယ့် တယောက်ကတော့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် အောင်ချမ်းသာရွာမှာလည်း ရေဘေးတိမ်းရှောင်ဖို့ ကျေးရွာထဲကထွက်လာတဲ့ ပြည်သူ တယောက်လည်း သစ်ပင်ပိမိပြီး သေဆုံးခဲ့သလို ရေဘေးသင့် ပြည်သူ နှစ်ယောက်လည်း ရေစီးထဲမျောပါပြီး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိချိန်မှာ ရေဘေးသင့် ပြည်သူတွေ အလွန်များပြားနေပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ် လိုအပ်နေပေမယ့် ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ လမ်းပိုင်းအခြေအနေ အခက်အခဲ၊ အတားအဆီးတွေကြောင့် သွားရောက်ကူညီဖို့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းမှာ ရေတာရှည်မြို့နယ်အပြင် ထန်းတပင်၊ တောင်ငူနဲ့ အုတ်တွင်းမြို့နယ်တွေလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး လက်ရှိမှာ လူပေါင်း ရှစ်သောင်းနီးပါးကို ဘေးလွတ်ရာနေရာတွေဆီ အရေးပေါ် ရွှေ့ပြောင်းထားကာ ရေဘေးရှောင်စခန်း ၈၇ ခုကိုလည်း ဖွင့်လှစ်ပေးထားတယ်လို့ တောင်ငူခရိုင်၊ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံကွပ်ကွဲမှုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရေဘေးလွတ်ရာ ရွှေ့ပြောင်းထားရသူတွေထဲမှာ တောင်ငူမြို့နယ်က လူဦးရေ သုံးသောင်းခြောက်ထောင် ရှစ်ရာလေးဆယ့်တယောက်၊ အုတ်တွင်းမြို့နယ်က လူဦးရေ နှစ်သောင်းခုနစ်ရာ ခြောက်ဆယ့်လေးယောက်၊ ရေတာရှည်မြို့နယ်က တသောင်းခြောက်ထောင် ရှစ်ရာတဆယ့်နှစ်ယောက်နဲ့ ထန်းတပင်မြို့နယ်က သုံးထောင့်သုံးရာ ငါးဆယ့်ငါးယောက် ပါဝင်တယ်လို့ သိရပါတယ်။
အခုတကြိမ် ရေကြီးမှုဟာ အရင်ကထက် ရေပမာဏများပြားသလို ရေစီးလည်းသန်တာကြောင့် ကူညီကယ်ဆယ်ရေးတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW