ရခိုင်မှာလည်း တကျော့ပြန် ရေကြီးမှု ဖြစ်လာနိုင်

စက်တင်ဘာ ၁၅ – ၂၀၂၄
SS (VOM)
ရခိုင်ပြည်နယ်မှာ သုံးရက်ဆက်တိုက် မိုးရွာသွန်းနေတာကြောင့် လေးမြို့မြစ်ရေနဲ့ ကုလားတန်မြစ်ရေ မြင့်တက်လာ​ပြီး တကျော့ပြန် ရေကြီးမှု ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက ရေကြီးခဲ့တဲ့ သံတွဲ၊ တောင်ကုတ်၊ ဂွနဲ့ ရမ်းဗြဲဒေသတို့မှာ စက်တင်ဘာ ၁၂ ရက်နေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်လာကာ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့ပေါ်က ရပ်ကွက်တချို့နဲ့ အနီးအနား ကျေးရွာတချို့မှာ ရေစတင် ဝင်ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။
“သံတွဲက အနိမ့်ပိုင်းရပ်ကွက်တွေတော့ ရေတွေဝင်နေပြီ။ ဒါပေမယ့် အရမ်းကြီးတော့ မဆိုးသေးဘူး။ ပြီးခဲ့တဲ့ ရက်တွေက မိုးရွာတာများသွားလို့ ‌မြစ်ရေလျှံပြီး ရပ်ကွက်တွေထဲက အနိမ့်ပိုင်းနေရာတွေ ရေတွေရောက်လာတာ။ ဒါပေမယ့် အခု မိုးရွာတာရပ်သွားတော့ ရေတက်တာလည်း တန့်နေတယ်။ အခြေအနေတော့ စောင့်ကြည့်နေရတာပေါ့။ တချို့တွေကလည်း ရေလွတ်နိုင်မယ့် နေရာတွေကို ရွှေ့တဲ့သူက ရွှေ့‌‌နေကြပြီ” လို့ သံတွဲဒေသခံက ပြောပါတယ်။
ဒါအပြင် အမ်းမြို့နယ်မှာလည်း မိုးသည်းပြီး တောင်ကျရေကြောင့် ချောင်းရေမြင့်တက်ကာ ကျေးရွာတချို့ ရေနစ်မြုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမ်းချောင်းရေဟာ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၄ ပေခန့်သာ လိုတော့တဲ့အတွက် အဲဒီ ချောင်းတလျှောက်ရှိ ရူးစံပြကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော် ဘေးလွတ်ရာကို ပြောင်းရွေ့ခဲ့ရတယ်လို့ သိရပါတယ်။
“တောင်ကျချောင်းရေကြောင့် မြေပြိုတာတွေလည်း ရှိနေတယ်။ ဒါပေမယ့် လူထိခိုက်တာ၊ သေဆုံးတာတွေတော့ မရှိသေးဘူး။ မိုးရွာတာရပ်သွားလို့လည်း တော်သေးတယ်ပြောရမယ်။ မိုးသာဆက်ရွာနေမယ်ဆို အခြေအနေတွေ ဆိုးသွားဖို့ပဲရှိတယ်။ မိုး သည်းသည်းမည်းမည်း ပြန်ရွာလာမှာကိုလည်း စိုးရိမ်နေရတယ်” လို့ အမ်းမြို့ဒေသခံက ပြောပါတယ်။
လက်ရှိအချိန်ဟာ စပါးစ်ိုက်ပျိုးပြီးချိန် ဖြစ်တာကြောင့် နောက်တကြိမ် ရေပြန်ကြီးလာတဲ့အခါ စပါးခင်းတွေ ရေပြန်လွှမ်းမိုးသွားပြီး ရေမြုပ် ပျက်စီးသွားနိုင်တဲ့အတွက် ပြန်လည် စိုက်ပျိုးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ခန့်မှန်းချက်အရ ရခိုင်၊ ချင်း၊ မကွေးဒေသတို့မှာ လာမယ့် သုံးရက်အတွင်း လေပွေလှိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးခြင်း၊ တောင်ကျရေကြောင့် ချောင်းရေ၊ မြစ်ရေမြင့်တက်လာခြင်းနဲ့ မြေပြိုခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မိုးလေဝသ လေ့လာစောင့်ကြည့်သူတယောက်ဖြစ်တဲ့ ဦးဝင်းနိုင်ကတော့ ရာဂိ (YAGI) မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းဟာ မြန်မာပြည်ထဲမှာ မရှိတော့ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိသွားပြီဖြစ်တဲ့အတွက် ချင်းပြည်နယ် (တောင်ပိုင်း) နဲ့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) နေထိုင်သူမဟုတ်ရင် စိုးရိမ်စရာမရှိတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှာတော့ မြစ်ရေ၊ ချောင်းရေတွေ မြင့်တက်လာနိုင်တဲ့အတွက် တောင်ပြို၊ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေး ပြောဆိုထားပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW